ရန်ကုန်   ဇန်နဝါရီ   ၆

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် စားသောက်ရေးအခက်အခဲရှိသော ပြည်သူများအား တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်းမှ ထောက်ပံ့လှူဒါန်းလျက်ရှိရာ အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်၊ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းနှင့် မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ တို့အား ဆန်၊ ဆီနှင့် ပဲများကို  ထောက်ပံ့လှူဒါန်းခဲ့သည်။

ထိုသို့ လှူဒါန်းရာတွင် Bank of China(Hong Kong) လီမီတက် ရန်ကုန်ဘဏ်မှ ကူညီထောက်ပံ့မှုဖြင့် နိုဝင်ဘာ ၂၂ ရက်က အမေ့မေတ္တာ သက်ကြွယ်ရိပ်မွန်ရှိ အဘွား ၂၀၊ ဒီဇင်ဘာ ၁၄ ရက်တွင် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းရှိ ကလေးငယ် ၆၀၊ ဒီဇင်ဘာ ၂၉ ရက်၌  မျိုးဆက်သစ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ လူငယ် ၆၀ စုစုပေါင်း ၁၄၀ တို့အား တစ်ဦးလျှင်  ဆန် ၁၀ ကီလိုဂရမ်၊ ဆီ ၁ လီတာနှင့် ပဲ ၁ ကီလိုဂရမ်တို့ကို ပေးအပ်လှူဒါန်း ခဲ့ရာ သက်ဆိုင်ရာ ကျောင်း၊ ဂေဟာမှ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုဝင်ဘာလအတွင်း စားသောက်ရေးအခက်အခဲရှိသော ရန်ကုန်တိုင်း ဒေသကြီးရှိ ဒလမြို့နယ်မှ အိမ်ထောင်စု ၁၀၀၀နှင့် လှိုင်သာယာမြို့နယ်မှ အိမ်ထောင်စု ၁၀၀၀ စုစုပေါင်း အိမ်ထောင်စု ၂၀၀၀ တို့အား ဆန်၊ ဆီ နှင့် ပဲတို့ကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း  တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ဖောင်ဒေးရှင်း (CFPA) (ရန်ကုန်ရုံးခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

သုတ