မန္တလေး ၁၆ နိုဝင်ဘာ

 

တရုတ်နိုင်ငံသို့အသီးကား၀င်နိုင်မှု ရောက်နိုင်မှုနည်းပါးတာကြောင့် ဖရဲ တစ်တန်ယွမ် ၆၀၀၀ ထိ စံချိန်တင် အမြင့်ဆုံးဈေးသို့ ရောက်ရှိလာကြောင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ရှိ ခွါညိုပွဲရုံမှ သိရသည်။

 

တရုတ်နိုင်ငံသို့ တင်ပို့ရန် မူဆယ် အသီးကွင်းတွင် ဖရဲကားစီး ရေ ၂၀၀ ခန့်ရှိနေပေမယ့် ကျင်စန်းကျော့ နယ်စပ်ဂိတ်ပေါက်တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးမှုများကြောင့် အစီးရေ ၃၀ ခန့်သာ ၀င်ရောက် ရောင်းချနိုင်ကြောင်း သိရသည်။ ထို့ကြောင့် တရုတ်၀ယ်လက်များ အလုအယက်၀ယ်ယူမှုများ ရှိနေပြီး ယခုလိုအမြင့်ဈေး ရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

"ဖရဲကားတွေကို သီးသန့်လိုင်းနဲ့ တန်းစီ၀င်ခွင့်ရပေမယ့် ကျင်စန်းကျော့ အ၀င်ဂိတ်မှာတော့ တစ်လှည့်စီ၀င်နေရဆဲပါ။ ကိုဗစ်-၁၉ စစ်ဆေးမှုတွေကြောင့် တစ်ရက် တစ်ရက် ထပ်သွားတော့ ဖရဲသီးကား အစီး ၂၀၀ လောက်ရှိနေတယ်။ တစ်ရက်ကို အစီး ၃၀ကျော် ပဲ၀င်နိုင်တော့၀ယ်လိုအား ကောင်းပြီး ဖရဲတစ်တန်ကို ယွမ် ၅၀၀၀-၆၀၀၀ ထိဈေး ကောင်းရနေတယ်"ဟု ခွါညိုပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။

 

ကားအစီးရေများ များ၀င်ရောက်နိုင်ပါက ဖရဲသီးဈေး ပြန်အေးနိုင်ကြောင်း၊ လက်ရှိတွင် အခြားပို့ ကုန်ကားများဖြင့်အတူ တန်းမစီရတော့သော်လည်း အ၀င် တစ်လှည့်စီ၀င်ရောက်ရသဖြင့် တစ်ရက်လျှင် ဖရဲကားများ အပါအ၀င် ကုန်ကား အစီး ၁၃၀ ခန့်သာနေ့စဉ်၀င်ရောက်နိုင်ကြောင်း သိရသည်။

 

မြန်မာဖရဲတင်ပို့မှုဈေးကွက်မှာ နို၀င်ဘာ လဆန်းပိုင်း ၇ ရက်နေ့တွင် ၈၅၅ဖရဲ တစ်တန် အမြင့်ဆုံး ယွမ် ၄၇၀၀ ပေါက် ဈေးရှိရာမှ နို၀င်ဘာ ၁၃ ရက်နေ့တွင် ၈၅၅ ဖရဲတစ်တန်လျှင် ယွမ် ၆၀၀၀ ထိ အမြင့်ဈေးသို့ ရောက်ရှိလာပြီး ဖရဲဈေး ကွက်တစ်လျှောက် စံချိန်တင် အမြင့် ဈေးရရှိခြင်းဖြစ်ကြောင်း သိရသည်။

 

"တရုတ် ဖက်ကစစ် ဆေးမှုကြန့်ကြာနေတော့ တစ်ရက်ကို ကုန်ကားအစီး ၁၃၀ ကျော်လောက်ပဲ ၀င်နိုင်တယ်။ ဒီရက်ပိုင်းမှာတော့ သခွား အသီးကား ၁၀စီးလောက်ဈေးကွက် တင်လာပါပြီး နို၀င်ဘာ ၁၂-၁၃ ရက်တွေမှာ ၈၅၅ ဖရဲရှမ်းသီးက တစ်တန်ယွမ် ၆၀၀၀ ထိ ဈေးရလာတယ်။ ဗမာသီးက ယွမ် ၅၀၀၀ ထိစံချိန်တင် ဈေးရရှိလာတယ်။ နောက်ရက်တွေ ကားအ၀င် မြန်ဆန်လာလို့အစီး ၆၀-၇၀ ဖြစ်လာရင်တော့ ဒီဈေး တန်းပြန်ကျသွားနိုင်တယ်'' ဟု ခွာညိုပွဲရုံပိုင်ရှင်ဦးစိုင်းခင်မောင်က ပြောသည်။

 

ယခုနှစ်ဖရဲရာသီအစ မူဆယ် ဈေးကွက်သို့ ဖရဲသီး၀င်ရောက်မှုနည်းပါးခြင်း၊ မြန်မာတောင်သူများ စိုက်ပျိုးမှု လျော့ကျတာကြောင့် ဖရဲသီးဈေး အမြင့်တန်းရောက်ရှိမှုမှာ နို၀င်ဘာလကုန်လောက်ထိ လက်ရှိဈေးတန်းမှာ တည်ငြိမ်နေနိုင်ကြောင်း မူဆယ်-ကျင်စန်းကျော့ ဂိတ်လမ်းပိုင်းတွင် အသီးကားများ ၂-၃ ရက် စောင့် ဆိုင်း၀င်ရောက်နေခြင်းဖြစ်ပြီး အသီးကားများ အ၀င်များ လာပါက အသီးလက်ဆက်မှု လျော့ကျကာ ဈေးကွက် ကျဆင်းနိုင်ကြောင်း ပွဲရုံများက သုံးသပ်ထားသည်။

 

နို၀င်ဘာ ၁၃ ရက် မူဆယ်ဖရဲ ဈေးကွက်တွင် ၈၅၅ရှမ်းသီးများမှာ တစ်တန်လျှင် ယွမ်၄၅၀၀-၆၀၀၀၊ ဗမာသီး တစ်တန်လျှင်၃၅၀၀-၅၀၀၀၊ ထဲန်၀မ် ဖရဲသီး တစ်တန် ၄၀၀၀-၅၅၀၀၊ ဒုံးကျည်သီး တစ်တန်လျှင် ယွမ် ၂၀၀၀-၂၅၀၀၊သခွား တစ်တန် ယွမ် ၃၅၀၀-၄၅၀၀ ပေါက်ဈေးပြီး တရုတ်ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် ၁၉၃ကျပ် ပေါက်ဈေးရှိကြောင်း သိရသည်။

 

မေသက်ထား

Photo- ခွါညိုသစ်သီးပွဲရုံ

 

mdn