ရန်ကုန်၊ ဒီဇင်ဘာ ၂၆

 

တရုတ်နိုင်ငံတွင်ပြုလုပ်သည့် လက်ဖက်ပြပွဲကြီးတွင် မြန်မာနိုင်ငံမှ လုပ်ငန်းထုတ်ကုန် လက်ဖက်ခြောက်က ရွှေတံဆိပ်ရရှိခဲ့ကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တရုတ်နိုင်ငံ Shenzhen မြို့တွင် ဒီဇင်ဘာ ၂၁ ရက်မှ ၂၅ ရက်အထိ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာမှ ပြခန်း‌ပေါင်း ၄၇၀၀ ကျော် ပါဝင်ပြသခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ပြပွဲများတွင် အကြီးဆုံးပြပွဲများထဲမှ တစ်ပွဲဖြစ်သည့် Global Tea Fair Shenzhen (Autumn) 2023 ပွဲသို့ မြန်မာ နိုင်ငံ လက်ဖက်အသင်းမှ အသင်းဝင်ကုမ္ပဏီများ သွားရောက်ပြသခဲ့သည်။

 

ပြပွဲတွင် Bio-trade Project ၏ အကူအညီဖြင့် မြန်မကိုယ်စားပြု ပြခန်းပေါင်းခုနစ်ခန်းဖြင့် မြန်မာ့ လက်ဖက်ယဉ်ကျေးမှုကို ဖော်ထုတ်ရန်ရည်ရွယ်၍ အသင်းဝင်လုပ်ငန်းများ၏ မြန်မာ့လက်ဖက် ပုံစံမျိုးစုံကို ခင်းကျင်းပြသခြင်းဖြစ်သည်။

 

မြန်မာ့လက်ဖက်အသင်းဝင်တစ်ဦးဖြစ်သည့် TGT Tea Co., Ltd. မှ ဦးမောင်လွင်က Shenzhen ပွဲ၏ အစဉ်အလာတစ်ခုဖြစ်သော လက်ဖက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်၍ အထူးရွှေတံဆိပ်ဆုကို ရရှိခဲ့ကြောင်း အဆိုပါအသင်းက ထုတ်ပြန်ထားသည်။

 

ယခုဆုမှာ TGT Tea ၏ Jade Leaf လက်ဖက်ခြောက်အနေဖြင့် သုံးကြိမ်မြောက် ရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ထူးခြားစွာဖြင့် အထူးရွှေတံဆိပ်ဆုရရှိခဲ့ခြင်းဖြစ်ပြီး ကြယ်ငါးလုံးနှင့်ညီမျှသည့် ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 

သစ်တော်