မန္တလေး ၂ ဇူလိုင် 

တတိယအကြိမ် မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ (မန္တလေး) The Third International Education Fair Myanmar 2019 (Mandalay) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ Hotel Mandalay တွင် ကျင်းပသည်။

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ European Union Delegation To Myanmar မှ Project Officer Zsuzsanna Vari-Kovacs ၊ Metro Computer Myanmar Co.,Ltd မှ ဒါရိုက်တာ Takashi Kawasaki ၊ Canadian School Myanmar မှ Chairman- ဦးအောင်ဇော်မြင့် ၊ KMC private High School မှ Founder & Principle ဆရာ ဦးခင်မောင်ချိုနှင့် Dagon Exhibitions Limited မှ ဒါရိုက်တာ ဦးအောင်အောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

မြန်မာအပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲ ၂၀၁၉ (မန္တလေး) တွင် ကုမ္ပဏီ ၁၈ ခုမှ ပြခန်းပေါင်း ၂၈ ခန်းပါဝင်ပြသခဲ့ပြီး ပြည်တွင်းပြည်ပမှ တက္ကသိုလ်နှင့်ကောလိပ်များ၊ ပုဂ္ဂလိက ပညာရေးသင်တန်းကျောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု သင်တန်းကျောင်းများ ၊ IT သင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြား တက္ကသိုလ်များ၊ အင်ဂျင်နီယာနှင့် ဆေးပညာဆိုင်ရာ သင်တန်းကျောင်းများ၊ လေကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှုများနှင့် စာအုပ်စာပေ အမျိုးမျိုးတို့ ဝင်ရောက်ပြသခဲ့ကြောင်း တွေ့ရသည်။

ပွဲတော်တွင် နေရာမရွေး ပညာရေး ခေါင်းစဉ်ဖြင့် ဦးခင်မောင်ညို (ဘောဂဗေဒ)၊ Alpha Infotech Myanmar မှ ဦးရဲမြတ်သူ၊ TTI မှ Assistant Director - ဦးသိန်းမြင့်ဝေနှင့် London Business Academy မှ ဒေါက်တာ ကေသရီကျော်တို့က ဆွေးနွေးဟောပြောကြမည်ဖြစ်ပြီး ပြပွဲရက်အတွင်း လာရောက်လေ့လာသူများ၊ ကျောင်းသား လူငယ်များကို သက်ဆိုင်ရာ ပညာရေးကျောင်းများမှ ပညာရှင်များက နေ့စဉ် ပညာရပ်အလိုက် ဆွေးနွေးဟောပြောသွားမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။ 

အေးမြ(မန္တလေး)