မန္တလေး ၂၉ သြဂုတ်
ရတနာပုံတက္ကသိုလ်၊ ဘူမိဗေဒဌာနနှင့် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (Myanmar Environment Insititute, MEI) တို့ ပူးပေါင်းကျင်းပသည့် တတိယအကြိမ် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာကွန်ဖရင့် "The Third Myanmar National Conference on Earth Sciences (The 3rd MNCES) 2019" ကို နိုဝင်ဘာလ ၇ ရက်မှ ၈ ရက်အထိ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း ဘူမိဗေဒနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ ပညာရပ်နယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘူမိဗေဒဌာနများနှင့် နှီးနွယ်သော ဌာနများတွင် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်သည့် အလေ့အကျင့်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခေတ်နှင့်လျော်ညီသော လူမှုပတ်ဝန်းကျင်အား အကျိုးပြုစေသော ဘူမိဗေဒနှင့် ကမ္ဘာမြေသိပ္ပံဘာသာရပ် နယ်ပယ်များ၌ သုတေသနလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်များရှိ ဘူမိဗေဒဌာန အသီးသီးမှ ပါမောက္ခများ အပါအဝင် ဆရာ၊ ဆရာမများ၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူ (MSc, MRes, PhD) များသည် တက္ကသိုလ်များရှိ သင်ကြားရေးတွင် လက်တွေ့ထည့်သွင်း ပြဌာန်းအသုံးပြုနိုင်ရေး၊ တက္ကသိုလ်အသီးသီးမှ ဘူမိဗေဒဌာနများအနေဖြင့် တက္ကသိုလ်ပြင်ပရှိ စက်မှုစီးပွား လုပ်ငန်း အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သုတေသနလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သည့် အလေ့အထများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန အနေဖြင့် ဘူမိဗေဒနှင့်ကမ္ဘာမြေသိပ္ပံဆိုင်ရာ အရည်အသွေးရှိသော ဂျာနယ်တစ်စောင် ပုံနှိပ်ထုတ်ဝေနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။
''ကမ္ဘာမြေသိပ္ပံဆိုင်ရာကွန်ဖရင့်ကို ကျင်းပပေးခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဘူမိဗေဒဆိုင်ရာ ဘာသာရပ်မှာ ဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေနဲ့ လေ့လာသူတွေ အတွေ့အကြုံဗဟုသုတတွေ တိုးပွားစေဖို့နဲ့ ပညာရပ်ဆိုင်ရာမှာလည်း တိုးတက်မှု ရရှိစေရန်ရည်ရွယ်ပြီး အခုလို ရတနာပုံတက္ကသိုလ်မှာ လက်ခံကျင်းပ ပေးခြင်း ဖြစ်ပါတယ် ''ဟု ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်က ပြောသည်။
တတိယအကြိမ် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာကွန်ဖရင့်တွင် ဘူမိဗေဒ၊ ကမ္ဘာမြေသိပ္ပံ စသည်တို့နှင့် သက်ဆိုင်သည့် Petrology (Igneous and metamorphic petrology, and sedimentology), Structural Geology and Tectonics, Paleontology and stratigraphy, Economic Geology - Mineral Exploration and Mining Engineering, Mineralogy, Enviromental Geology, Engineeing Geology, Natural Disaster and Disaster Management, Climate Change စသည့် ဘာသာရပ်နယ်ပယ် (၁၁)ခုကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ နယ်ပယ် အသီးသီးတွင် သုတေသန ဆောင်ရွက်လျက်ရှိသည့် တက္ကသိုလ်အသီးသီးရှိ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သုတေသနပညာရှင်များက သုတေသနစာတမ်း ဖတ်ကြားခြင်း၊ ပိုစတာများ ပြသခြင်းများကို ပြုလုပ်သွားမည် ဖြစ်သည်။
''အခုလို ကမ္ဘာမြေသိပ္ပံဆိုင်ရာကွန့်ဖရင့်တွေ ကျင်းပပေးခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တက္ကသိုလ်နဲ့ ဒီဂရီကောလိပ် အသီးသီးက ဘူမိဗေဒဆိုင်ရာ ဆရာ၊ ဆရာမများ၊ အငြိမ်းစား ဆရာ၊ ဆရာမများ၊ ဘူမိဗေဒပညာရှင်များ၊ လာရောက်ပူးပေါင်းပြီး စာတမ်းတွေ ဖတ်ကြားဆွေးနွေးကြတဲ့အတွက် ဘာသာရပ်ဆိုင်ရာမှာ တိုးတက်မှုရှိတဲ့အပြင် အချင်းချင်းလည်း ပြန်လည်တွေ့ဆုံ ခွင့်ရတဲ့အတွက် တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးမှုတွေ ပိုမိုရရှိစေပါတယ်။ ဒါအပြင် ဒီလိုစာတမ်းတွေ ဖတ်ကြားဖော်ထုတ်ပေးခြင်းဖြင့် ဘူမိဗေဒနဲ့ဆိုင်တဲ့ ငလျင်လှုပ်ခြင်း၊ ဆည်မြောင်းတာတမံ ဆောက်လုပ်ခြင်းလုပ်ငန်းများနဲ့ တွင်းထွက် သယံဇာတရှာဖွေခြင်းလုပ်ငန်းတွေမှာ များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါတယ် ''ဟု ရတနာပုံတက္ကသိုလ် ဘူမိဗေဒ ဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ဌေးဝင်း က ပြောသည်။
အဆိုပါကမ္ဘာမြေသိပ္ပံဆိုင်ရာကွန်ဖရင့်ကို မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ ပထမအကြိမ်အဖြစ် မုံရွာတက္ကသိုလ်၌ လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၈ ခုနှစ်တွင် ဟင်္သာတတက္ကသိုလ်၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ရတနာပုံတက္ကသိုလ်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


