တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ ကျင်းပ

 

နေပြည်တော် ဇွန် ၁၂

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၈ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၁၅ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေး တက်ရောက်မှုအခြေ အနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် ကမာရွတ်မဲဆန္ဒနယ်မှ ဦးကိုကိုသင်း၏ အခြေခံလူထုစားသောက်ကုန်နှင့် ဆေးဝါးများအပေါ် သွင်းကုန် အခွန်လျှော့ချပေးရန်နှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ထိရောက်သော မူဝါဒမျိုးချမှတ် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိနှင့်ဒေသကုန်ထုတ်လုပ်သူများကို မည်သို့ထိရောက်သည့်မူဝါဒများနှင့် ပံ့ပိုးသွား မည်ကိုသိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်၊ ပဲအမျိုးမျိုး၊ အသား၊ ငါး၊ ဥအမျိုးမျိုး စသည့် အခြေခံ စားသောက်ကုန်များ၊ အိမ်သုံးဆေးဝါး၊ လူသုံးဆေးဝါး၊ တိုင်းရင်းဆေးဝါး စသည့် ဆေးဝါး အမျိုးမျိုးအပါအဝင် ပြည်သူလူထုအတွက် အခြေခံလိုအပ်သည့် ကုန်စည် Essential Goods ၄၆ အုပ်စု နှင့် ကျန်းမာရေး၊ ပညာရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး စသည့် အခြေခံဝန်ဆောင်မှု Essential Supplies ၃၄ အုပ်စုတို့ကို ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားပါကြောင်း။

 

အခြေခံအိမ်သုံးဆေးဝါးများအား အခွန်ကင်းလွတ်ခွင့်သတ်မှတ်ပြဋ္ဌာန်းထားပြီး အဆိုပါ ဆေးဝါးများမှအပ ကျန်ဆေးဝါးများအား အကောက်ခွန်နှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် သတ်မှတ်ကောက်ခံ လျက်ရှိပါကြောင်း၊ ကုန်သွယ် လုပ်ငန်းခွန်မကျသင့်သည့် ကုန်စည်အမျိုးအစားများတွင် ပြည်တွင်း ဆေးဝါးထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးစေရန်နှင့် ဆေးဝါး ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချနိုင်ပြီး ဆေးဝါး ဈေးနှုန်းများ ကျဆင်းရန်အတွက် ဆေးဝါးကုန်ကြမ်း ၄၅၄ မျိုးအား ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုထားပြီးဖြစ်ရာ နိုင်ငံတော်ပိုင် မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများမှ အသုံးပြုလျက်ရှိသော ဆေးဝါးကုန်ကြမ်း ၃၆၅ မျိုးအား ထပ်မံထည့်သွင်း ၍ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေး ဆက်စပ်ဝန်ကြီးဌာနများ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း။

 

အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံ စားကုန်များ၏ နေ့စဉ်ဈေးနှုန်း ဖြစ်ပေါ်နေမှုနှင့် ကုန်စည်စီးဆင်းမှုများကို စိစစ်သုံးသပ်၍ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။

 

ပြည်ပသွင်းကုန် လျှော့ချပြီး ပြည်တွင်းကုန်ထုတ် လုပ်မှုတိုးမြှင့်နိုင်စေရန်အတွက် အသေးစား၊ အငယ် စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရေရှည် ရှင်သန်တိုးတက်စေရန်နှင့် သွင်းကုန်အစားထိုး ၍ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်စေရေး နိုင်ငံတော်မှ MSME လုပ်ငန်းရှင်များကို ဘဏ်များ နှင့် ချိတ်ဆက်၍ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများရရှိစေရန် ပံ့ပိုးကူညီဆောင်ရွက်ပေး လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုင်းကိုင်မဲဆန္ဒနယ်မှ နန်းသန်းသန်းမွှေး၏ ရှမ်းပြည်နယ် စစ်ဘေးရှောင်များ ယာယီနေအိမ်၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် မှတ်ပုံတင်လျှောက်ရာတွင် လဝကမှ ၎င်းတို့နေထိုင်ရာမြို့ ထောက်ခံစာ များရယူပေးရန်နှင့် စပ်လျဉ်း၍ စစ်ဘေးရှောင်များ၏ဘဝကို ကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ် မရှိပါက ဦးစားပေး အစီအစဉ်ဆောင်ရွက်ပေးစေလိုကြောင်း သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ရှမ်းပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာသူများ ဘဝ ရပ်တည်နေထိုင်နိုင်ရေးအတွက် နားခိုရာနေရာများ ဖန်တီး ဆောင်ရွက်ပေးခြင်း၊ စားရေရိက္ခာများ၊ အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်းများကို မပြတ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည့်အပြင် NGO၊ INGO အဖွဲ့များဖြင့် ပေါင်းစပ်ကူညီဖြည့်ဆည်းပေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း။

 

ယာယီနေရပ်စွန့်ခွာသူများ စားဝတ်နေရေးပြေလည်စေရန် ကျွမ်းကျင်သည့် အလုပ်အကိုင်အလိုက် ဒေသတွင်း အလုပ်အကိုင်ရရှိရေး စီမံဖန်တီး ခြင်းအပြင် နိုင်ငံတော်မှ တစ်ဦးလျှင် တစ်လကျပ် ၂ဝဝဝဝ နှုန်းဖြင့် ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ လအထိ စုစုပေါင်း ငွေကျပ် ၁၁ ဒသမ ၅၉ ဘီလီယံ ကို ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ် ဧပြီလ စာရင်းအရ ယာယီနေရပ်စွန့်ခွာသူ ၉၂၉၇ ဦးသာ ကျန်ရှိပါကြောင်း၊ ကျန်ရှိသူများလည်း မကြာမီ မိမိ တို့နေရပ်အသီးသီးသို့ ပြန်လည်အခြေချတော့မည် ဖြစ်ပါကြောင်း။

 

အကြမ်းဖက်ဖြစ်စဉ်များကြောင့် လုံခြုံရေးအခြေ အနေအရ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ မြို့နယ် ဦးစီးမှူးရုံး ၁၂ ရုံးအား မူလဒေသများတွင် ဖွင့်လှစ်နိုင်ခြင်းမရှိချိန်တွင် တောင်ကြီးမြို့ ဆရာဝန်ကြီး များအသင်းတိုက်တွင် (ယာယီ)ရုံးများ ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံသားစိစစ် ရေးကတ်ပြား သက်ပြည့်လဲလှယ်၊ ပျောက်ဆုံး၊ ပျက်စီးမိတ္တူလျှောက်ထားသူ စုစုပေါင်း ၉၈၄၃ ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၇၉ စု ဆောင်ရွက်ပေး နိုင်ခဲ့ပါကြောင်း။

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင် လုံခြုံရေးပြန်လည်ကောင်းမွန်လာ၍ တောင်ကြီးမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဒုတိယပြည်နယ်ဦးစီးမှူးရုံး(လားရှိုး)အပါအဝင် လားရှိုးခရိုင်၊ လားရှိုး၊ ကွမ်းလုံ၊ သိန္နီ နှင့် ကွတ်ခိုင်မြို့နယ်ရုံးတို့ကို လားရှိုးမြို့၌ လည်း ကောင်း၊ နမ္မတူမြို့နယ်ရုံးကို သီပေါမြို့နယ်၌ လည်းကောင်း ပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ပင်လောင်းမြို့နယ်တွင် အများ ဆုံးနေထိုင်သော ဖယ်ခုံမြို့နယ်မှ ပြည်သူများ အခက် အခဲမရှိ အဆင်ပြေစေရန်အတွက် ဖယ်ခုံမြို့နယ် (ယာယီ)ရုံးအား ပင်လောင်းမြို့နယ်၌ ဖွင့်လှစ်ခဲ့ပြီး ဆောင်ရွက်ပေး ခဲ့ပါကြောင်း။

 

ဖယ်ခုံမြို့နယ် လုံခြုံရေးအခြေအနေပြန်လည် ကောင်းမွန်လာသည့်အတွက် ဖယ်ခုံမြို့နယ်ဦးစီးမှူးရုံးအား ဖယ်ခုံမြို့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံသားလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုသို့ ပြန်လည်ရောက်ရှိသည့် စစ်ဘေးရှောင်ပြည်သူများအား ၃ ရပ်ကွက် သာသနာ့လင်္ကာရ ဘုန်းတော်ကြီးကျောင်း တွင် လက်ခံထားရှိပြီးနိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းအား ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 

မိုင်းကိုင်မြို့နယ်သည် အကြမ်းဖက်ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိသည့်ဒေသဖြစ်၍ မြို့နယ်ဦးစီးမှူးရုံးအား မူလနေရာ တွင်ပင် ဖွင့်လှစ်ထားရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

စစ်ဘေးရှောင်ပြည်သူများ လက်ရှိနေထိုင်ရာ ဒေသတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက် ထားပါက e-ID Server အတွင်း ဖြည့်သွင်းထားသည့် ၎င်းတို့၏အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနံပါတ် မှန်/မမှန်၊ ကိုယ်ရေး အချက်အလက် မှန်/မမှန် ဦးစွာတိုက်ဆိုင်စိစစ်ပြီး မှန်ကန်ပါက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားသည်။

 

တွံတေးမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ မြန်မာနိုင်ငံ သားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကောက်ခံသော အခွန်အခငွေနှုန်းထားများသည် ခေတ်စနစ်အခြေအနေတို့နှင့် ကိုက်ညီခြင်းမရှိသည့် အတွက် သင့်တော်သည့် နှုန်းထားများဖြင့် ပြင်ဆင် သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့် နိုင်ငံသား ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဧည့်နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံးလုပ်နည်းများပါ အခကြေးငွေနှင့် ဒဏ်ကြေး များအားပြင်ဆင်ရန် လိုအပ်ကြောင်း စိစစ်တွေ့ရှိရ ပါသဖြင့် ခွင့်ပြုနိုင်ပါရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီရုံးသို့ ပြန်လည်တင်ပြခဲ့ ပါကြောင်း။

ဥပဒေ(မူကြမ်း)နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ သဘောထားမှတ်ချက်ပြုရန်မရှိပါကြောင်း ပြန်ကြားစာရရှိပြီးဖြစ် ပါသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်သူ၊ ထိုသို့ပြုလုပ်ရန် အားပေး ကူညီသူ၊ ကတ်ပြားအတု သုံးစွဲသူများအား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန်အတွက် ယခုအစိုးရ အသစ်လက်ထက်တွင် မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်သည့် ဥပဒေအတည်ပြုပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်သည့်ဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးပါက နိုင်ငံသားဆိုင်ရာလုပ်ထုံး လုပ်နည်းများ၊ ဧည့်နိုင်ငံသားဆိုင်ရာလုပ်ထုံး လုပ်နည်းများ၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ လုပ်ထုံး လုပ်နည်းများပါ အခကြေးငွေ၊ ဒဏ်ကြေးငွေများအား ဆက်လက်ပြင်ဆင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။

 

မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ဦးနေလင်းအောင် ၏ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု စာရင်းများအား ပေါင်နှံခြင်း၊ အာမခံထားခြင်းတို့ သည် တရားမဝင်ကြောင်း ကြေညာချက်၊ ညွှန်ကြား ချက်များ ထုတ်ပြန်ပေးရန်နှင့် ပေါင်နှံလက်ခံသူ၊ အာမခံလက်ခံသူများအား အရေးယူဆောင်ရွက် ပေးနိုင်ရေး ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က နိုင်ငံသားစိစစ် ရေးကတ်ပြား၊ ဧည့်နိုင်ငံသားလက်မှတ်နှင့် စိစစ်ရေး ကတ်ပြား၊ နိုင်ငံသားပြုခွင့်လက်မှတ်နှင့် စိစစ်ရေး ကတ်ပြားသည် မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံထားခြင်းဖြစ်သည့်အတွက် စနစ်တကျ ကိုင်ဆောင်ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ အခြား သူတစ်ဦးအား လွှဲပြောင်းပေးအပ်ခြင်း မပြုလုပ်ရန် နှင့် မသက်ဆိုင်သူမှ ကောက်ယူရရှိသည့်အခါ အနီး ဆုံးရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် အနီးဆုံး မြို့နယ်လဝကရုံးသို့ အမြန်ဆုံးပေးအပ်ရမည်ဖြစ်ပါကြောင်း။

 

နိုင်ငံတော်မှ ထုတ်ပေးထားသည့် မှတ်တမ်းအထောက်အထားများအား ကိုယ်ကျိုးစီးပွားအတွက် မသက်ဆိုင်သူများ လက်ဝယ်သို့ပေးအပ်၍ ကိုင်ဆောင် အသုံးပြုစေခြင်း၊ မရိုးဖြောင့်သောသဘောဖြင့် အလွဲသုံးစားပြုလုပ်၍ ပေါင်နှံခြင်း၊ အာမခံထားခြင်း၊ မသက်ဆိုင်သူများမှလည်း တရားမဝင်သိမ်းဆည်း ခြင်းတို့ ဆောင်ရွက်ခွင့်မရှိပါကြောင်းနှင့် တည်ဆဲ ဥပဒေများတွင် ပြဋ္ဌာန်းထားပြီးဖြစ်သဖြင့် ထပ်မံထုတ်ပြန်ရန်မရှိပါကြောင်းနှင့် ထိုကဲ့သို့ပြုလုပ်ပါက အချက် အလက်နှင့် တကွ သတင်းပေးတိုင်ကြားနိုင်ပြီး ဆောင်ရွက်သူများအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆို အရေးယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်း၏ အင်္ဂပူမြို့နယ်ရှိ ညောင်ကျိုး-မဲဇလီကုန်း ဆက်သွယ်ရေး ကျောက်ကြမ်းခင်းလမ်းအား ကျောက်ချောခင်းလမ်းအဖြစ် အဆင့်မြှင့်တင်ပေးပါရန်နှင့် ၎င်းလမ်းပေါ်ရှိ ယက္ကန်းစင် သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးက အင်္ဂပူမြို့နယ် ညောင်ကျိုး-မဲဇလီကုန်း ကျောက်ကြမ်းခင်းလမ်းသည် မိုင်အရှည် ၁၃ မိုင် ၁ ဖာလုံရှိပြီး ညောင်ကျိုးမှ အိုးကွဲအထိ ၂ မိုင် ၄ ဖာလုံ ကွန်ကရစ်လမ်းနှင့် ဆင်သေမှ မဲဇလီကုန်းအထိ အရှည် ၅ မိုင် ကျောက်ချောလမ်းတို့မှာ ဆောက်လုပ် ရေးဝန်ကြီးဌာနမှ စီမံခန့်ခွဲသောလမ်းဖြစ်ပါ ကြောင်း၊ အိုးကွဲမှ ဆင်သေအထိ လမ်းအရှည် ၅ မိုင် ၅ ဖာလုံမှာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း။

 

ညောင်ကျိုးမှ ၄ မိုင် ၂ ဖာလုံရှိ ဘူးကွဲတောင် တံတားနှင့် ၅ မိုင် ၅ ဖာလုံရှိ ယက္ကန်းစင်သစ်သား တံတားသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ပိုင်တံတားများဖြစ်ပါကြောင်း၊ ညောင်ကျိုး - မဲဇလီ ကုန်း ဆက်သွယ်ရေးလမ်း ၁၃ မိုင် ၅ ဖာလုံအနက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနပိုင်လမ်း ၅ မိုင် ကျော်အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ရန်နှင့် ၎င်းလမ်းပေါ်ရှိ ယက္ကန်းစင်သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ် တွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

အုတ်ဖိုမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ အုတ်ဖိုမြို့နယ် ထောက်ကြံ့ကွင်းကျေးရွာသို့ ရန်ကုန်- ပြည်လမ်းမှ ရာသီမရွေးသွားလာ အသုံးပြုနိုင်သည့် အမာခံလမ်းတည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ရန်ကုန် - ပြည်လမ်းမှ ထောက်ကြံ့ ကွင်းရွာအဝင်လမ်းသည် အရှည် ၁ မိုင် ၄ ဖာလုံရှိ ဂဝံလမ်းဖြစ်ပြီး ယခုအခါ ပျက်စီးလျက်ရှိပါကြောင်း၊ အဆိုပါလမ်းသည် Class (A) အဆင့်လမ်းဖြစ်ပြီး ဂဝံခင်းခြင်းလုပ်ငန်းအား ပြည်ထောင်စု(သို့) တိုင်းဒေသကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် လျာထားတင်ပြပေး သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်၏ ဒလမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၂၃ စုရှိ ကျေးရွာများမှ မြို့သို့ ဆက်သွယ်သွားလာသောလမ်းများအား အဆင့် မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက တွံတေးခရိုင် ဒလမြို့နယ်သည် ကျေးရွာအုပ်စု ၂၃ အုပ်စု ကျေးရွာပေါင်း ၅၄ ရွာရှိပြီး ကျေးလက်လမ်း မိုင်ပေါင်း ၅၅ မိုင် ကျော်ရှိပါကြောင်း၊ ရာသီမရွေး သွားလာနိုင်သော လမ်းမိုင် ၃၄ မိုင်ကျော်ရှိပြီး နွေရာသီသာသွားလာနိုင်သော လမ်းမိုင် ၂၁ မိုင် ကျော်ရှိပါကြောင်း၊ ဒလမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ ၂၀၂၃ ခုနှစ်တွင် လွှဲပြောင်း ရရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်မှစ၍ ကွန်ကရစ်လမ်း ၄ မိုင် ၆ ဒသမ ၅၅ ဖာလုံ၊ ကျောက် လမ်း ၄ ဒသမ ၆၉ ဖာလုံနှင့် တံတား ၅၂ ပေတစ်စင်း၊ ၅' Box Culvert နှစ်ခုအား အဆင့်မြှင့်တင်ဆောင် ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။

 

၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ် လမ်း ၁ မိုင် ၅ ဒသမ ၂၇ ဖာလုံ၊ ကျောက်လမ်း ၁ မိုင် ၂ ဖာလုံ၊ ၁၅ မီတာ ကွန်ကရစ်တံတားတစ်စင်း၊ ၁၂ မီတာ ကွန်ကရစ်တံတားတစ်စင်း၊ ၂ဝ' Box Culvert သုံးခု၊ ၁၀' Box Culvert တစ်စင်းနှင့် ၅' Box Culvert နှစ်ခုအား အဆင့်မြှင့်တင်ဆောင်ရွက်ရန် ခွင့်ပြုမိန့် ရရှိပြီးဖြစ်ပါကြောင်း၊ လာမည့် ဘဏ္ဍာနှစ်များအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး၍ ရရှိရန်ပုံငွေပေါ်မူတည်၍ အကျိုးပြုနှုန်းအလိုက် ဦးစားပေး လျာထားတင်ပြ ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ကော့မှူးမဲဆန္ဒနယ်မှ ဦးအောင်မျိုးသန်း၏ ကော့မှူးမြို့နယ် ပုပ္ပါးကျေးရွာအဝင် တံတားသည် ကြံ့ခိုင်မှုမရှိ တော့ပါသဖြင့် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် RC ကွန်ကရစ်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပုပ္ပါးကျေးရွာ အဝင် မူလတံတားအဟောင်း အလျား ၁၅ ပေ၊ အနံ ၁၂ ပေကို ၁၉၈၇ ခုနှစ်၌ ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါ တွင် တံတားအလယ်၌ ခိုင်ခံ့မှုမရှိတော့ဘဲ ကွေးညွတ်ခြင်း၊ ကမ်းကပ်ခုံ နှစ်ဖက်နှင့် ရေလယ် တိုင်များ အက်ကွဲခြင်းများ ဖြစ်ပေါ်လျက်ရှိသဖြင့် သံကူကွန်ရစ် RC တံတားအသစ် (၂၀x၁၄)ပေ ဆောင်ရွက်ပေးရန်လိုအပ်လျက် ရှိပါကြောင်း၊ ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရရှိရန်ပုံငွေဖြင့် အကျိုးပြုနှုန်းအလိုက် ဦးစားပေး လျာထားတင်ပြပေးသွားမည်ဖြစ်ပါ ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ကွန်ဟိန်းမဲဆန္ဒနယ်မှ စိုင်းကျော်လှ၏ ကွန်ဟိန်း မြို့နယ် ဆိုင်းခေါင်ကျေးရွာမှ ကျိုင်းခမ်းကျေးရွာသို့ ၉ မိုင်ခန့် ကတ္တရာခင်းခြင်းပြုလုပ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိနှင့် မရှိပါက ဦးစားပေးအစီအစဉ်အား သိရှိလိုခြင်းမေးခွန်း နှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ရှမ်းပြည် နယ်၊ ကွန်ဟိန်းမြို့နယ်၊ ဆိုင်းခေါင်ကျေးရွာမှ ကျိုင်းခမ်းကျေးရွာအထိ ၉ မိုင်အရှည်ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ပြည်နယ်ရန်ပုံငွေဖြင့် မြေလမ်းမှ ၁၆ ပေအကျယ် ကျောက်လမ်း ခင်းခြင်း ၅ ဖာလုံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြေလမ်း အဆင့်ကျန်ရှိသည့် လမ်းပိုင်းများအား ရာသီမရွေး သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်း ခင်းခြင်းနှင့် လိုအပ်သည့်နေရာများတွင် တံတား/ရေပြွန်များ တည်ဆောက်ခြင်း၊ လက်ရှိ သစ်သားတံတား သုံးစင်းအား သံကူကွန်ကရစ်တံတား အဆင့်တိုးမြှင့် တည်ဆောက် ခြင်းနှင့် ကျောက်လမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရန်ပုံငွေ တွင်လျာထား၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။

 

လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရ၏ လက်ပံ တန်းမြို့နယ် သာရဝေါမှ ဟင်္သာတမြို့နယ်သို့ ကား၊ ရထား ကူးသန်းနိုင်မည့် မြစ်ကူးတံတားကြီးတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က လက်ရှိ အခြေအနေတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မကွေးတိုင်းဒေသကြီးတွင် ဧရာဝတီတံတား (သရက်- အောင်လံ) နှင့် ကချင်ပြည်နယ်တွင် ဧရာဝတီတံတားအသစ်(ဗလမင်းထင်)တို့ကို အပြီး တည်ဆောက်ရမည်ဖြစ်သည့်အပြင် မန္တလေးငလျင် ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ တံတားများအား ပြန်လည် တည်ဆောက်ခြင်း၊ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တံတားစုစုပေါင်း ၁၁၅ စင်း၊ ပြုပြင်ဆဲတံတား ခြောက်စင်း၊ ပြုပြင်ရန် ကျန်တံတား ၈၃ စင်းတို့ကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိ လတ်တလောအခြေအနေအရ ဆောင်ရွက်နိုင်ခြင်းမရှိ သေးပါကြောင်း ပြန်လည်ဖြေကြားသည်။

 

မိုးညိုမဲဆန္ဒနယ်မှ ဒေါ်ဇာခြည်လွင်၏ မိုးညို မြို့နယ် သက္ကယ်တန်းကျေးရွာ လက်ပံနှစ်ပင် နှင့် ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ငပိဆိပ် ကျောက်စရစ်ကုန်းကြား ဧရာဝတီမြစ်ကူးတံတား ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိနှင့် မည်သည့် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုအခါ ဧရာဝတီတံတား (သရက်-အောင်လံ)နှင့် ဧရာဝတီ တံတားအသစ်(ဗလမင်းထင်)တို့ကို အပြီးတည်ဆောက်လျက်ရှိပြီး ဧရာဝတီမြစ်ကူးတံတား(ရတနာသိင်္ခ) ပျက်စီးသွား သည့်အပိုင်းများကို ပြန်လည်ပြုပြင်ခြင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်ရှိ တံတားများ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တံတားများ၊ ပြုပြင်ဆဲတံတားများနှင့် ပြုပြင် ရန်ကျန်တံတားများ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လတ်တလောတွင် ငပိဆိပ် ကျောက်စရစ်ကုန်းအကြား ဧရာဝတီမြစ်ကူးတံတားအား မဆောင်ရွက်သင့်သေးပါကြောင်း ပြန်လည် ဖြေကြားသည်။

 

ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်းမြို့ ဆင်သေ-ပင်လောင်း(မီးရထား) လမ်းဟောင်းမြေ နေရာဖြစ်သည့် မြို့အဝင် တိုးဂိတ်အနီးမှ ရန်ကုန်- တောင်ငူ- မန္တလေးကားလမ်း(လမ်းဟာင်း) ၁၄ မိုင် သို့ တပ်ကုန်းမြို့ရှောင်လမ်းအဖြစ် ဖောက်လုပ်နိုင် ရေး ရေတို၊ ရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဦးမျိုးမြင့်က လက်ရှိရန်ကုန်-တောင်ငူ-မန္တလေးလမ်းသည် နိုင်ငံတကာဆက်သွယ်ရေး လမ်းမကြီးဖြစ်ပြီး လမ်းနယ်နိမိတ်သတ်မှတ်ချက်မှာ ပေ ၂၃၀ အကျယ်ဖြစ်ပါကြောင်း၊ ညောင်လွန့်-သရက်ပင်-ပေတောလမ်းသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက် သော လမ်းပိုင်းဖြစ်ပြီး လက်ရှိလမ်းနယ်နိမိတ် အကျယ်မှာ ပေ ၃၀ သာရှိသော ကျေးရွာချင်းဆက် လမ်းအဆင့် ဖြစ်ပါကြောင်း၊ အဆိုပါ လမ်းအူကြောင်း အတိုင်း တပ်ကုန်းမြို့ရှောင်လမ်းအဖြစ် ဖောက်လုပ် မည်ဆိုပါက သတ်မှတ်လမ်း နယ်နိမိတ်အကျယ်ရရှိ ရန်အတွက် စိုက်ပျိုးမြေများ၊ လယ်ယာမြေများနှင့် လူနေထိုင်မှုရှိသော မြေများအား မြေယာလျော်ကြေး များပေးရန် လိုအပ်မည်ဖြစ်သည့်အပြင် ကျေးရွာများ အား ဖြတ်သန်းသွားသည့် လမ်းအူကြောင်းဖြစ်၍ လူနေအိမ်ခြေများစွာ တည်ရှိပါသဖြင့် အိမ်ရာအဆောက်အအုံများ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

 

တပ်ကုန်းမြို့ရှောင်လမ်း ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ပိုမိုတိုတောင်းသော လမ်းအူကြောင်း ဖြစ်သည့် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း၏ ၂၄၉/၂ မိုင်မှ ဆင်သေ-ပင်လောင်းမီးရထားလမ်းအတိုင်း ၃ မိုင် ၂ ဖာလုံခန့်ရှိ ဗျိုင်းအင်းကျေးရွာ၊ ထိုမှတစ်ဆင့် ၃ မိုင် ၁ ဖာလုံခန့်အတိုင်းဆက်လက်၍ လမ်းအူ ကြောင်း လျာထားပြီး ရန်ကုန်-တောင်ငူ-မန္တလေး လမ်း၏ ၂၅၃/၅ မိုင် အနီးသို့ ပြန်လည်ဝင်ရောက် အဆုံးသတ်မည်ဆိုပါက လမ်းအရှည်မှာ ၆ မိုင် ၃ ဖာလုံခန့်ရှိမည်ဖြစ်ပါကြောင်း၊ လမ်းဦးစီးဌာနအနေ ဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ပြီးမှသာ ရလဒ်ပေါ်မူတည်၍ စီမံကိန်းဆောင်ရွက်ရန် ဖြစ်နိုင်ခြေရှိပါက ရေတို၊ ရေရှည်စီမံ ကိန်းများ ရေးဆွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယမန်နေ့ကလွှတ်တော်သို့ အသိပေးတင်ပြခဲ့သည့် သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်း အဝေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည် ပြုချက်ရယူပြီး ယင်းကော်မတီတွင်ဥက္ကဋ္ဌအဖြစ် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးခင်မောင်ဌေး၊ အတွင်းရေးမှူးအဖြစ် သုံးခွမဲဆန္ဒနယ်မှ ဦးအောင်ကျော်မင်း အပါအဝင်အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်း ကြောင်း လွှတ်တော်သို့အသိပေးကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယမန်နေ့ကလွှတ်တော်သို့ အသိပေးတင်ပြခဲ့သည့် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့်ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း နှင့် ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ယင်းကော်မတီ တွင် ဥက္ကဋ္ဌအဖြစ် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၊ အတွင်းရေးမှူးအဖြစ် မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးစိုးနိုင်အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ် ဖွဲ့စည်းကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယမန်နေ့ကလွှတ်တော်သို့အသိပေးတင်ပြခဲ့သည့် စိုက်ပျိုး ရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့်စပ်လျဉ်း၍လွှတ်တော် ၏ အတည်ပြုချက်ရယူပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ကျိုက်လတ်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ကြီး၊ အတွင်းရေးမှူးအဖြစ် သနပ်ပင်မဲဆန္ဒနယ်မှ ဦးအောင်ဇော်လင်းအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်း လွှတ်တော်သို့ အသိပေး ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယမန် နေ့ကလွှတ်တော်သို့ အသိပေးတင်ပြခဲ့သည့် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌ အဖြစ် ကနီမဲဆန္ဒနယ်မှ ဦးဉာဏ်ထွန်း၊ အတွင်း ရေးမှူးအဖြစ် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်သူရ အပါအဝင်အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်း ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်း အဝေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် မိုင်းတုံမဲဆန္ဒနယ်မှ ဦးထင်အောင်ရှိန်နှင့် အတွင်းရေးမှူးအဖြစ် ကန်ကျီးထောင့် မဲဆန္ဒနယ်မှ ဒေါ်ခင်စောမူတို့ကို တာဝန် ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဖွဲ့စည်းရေး နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်း အဝေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် လှိုင်မဲဆန္ဒနယ်မှ ဦးမောင်မောင်တင့်နှင့် အတွင်းရေးမှူးအဖြစ် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဒေါက်တာထွန်းထွန်း ဝင်းတို့ကို တာဝန်ပေးအပ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီမံကိန်း နှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စီမံ ကိန်းနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးညွန့်ဆောင်နှင့် အတွင်းရေးမှူး အဖြစ် ဘီးလင်းမဲဆန္ဒနယ်မှ ဒေါက်တာ ခင်မောင်သွင်တို့ကို တာဝန် ပေးအပ်ဖွဲ့စည်း သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

 

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်း အဝေးအဋ္ဌမနေ့ကို ဇွန် ၁၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်