နေပြည်တော် ၂၉  သြဂုတ် 

တုပ်ကွေးဆန်သော ရောဂါလက္ခဏာဖြစ်ပွားမှုနှင့် လတ်တလောပြင်းထန် အသက်ရှု လမ်းကြောင်းပိုးဝင်ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တုပ်ကွေးဆန်သော ရောဂါလက္ခဏာဖြစ်ပွားမှုနှင့် လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါ ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစနစ်၊ သတင်းပေးပို့မှု ပုံစံ၊ လူနာသစ်ရှာဖွေမှုနှင့် ဓာတ်ခွဲခန်းပေးပို့စစ်ဆေးရန် နမူနာရယူခြင်း စသည့် လုပ်ငန်းများတွင် တွေ့ရှိရသော အခက်အခဲနှင့် အားနည်းချက်များကို ဖော်ထုတ်၍ ပြန်လည်သုံးသပ်မှုများ ပြုလုပ်သွားရမည်ဖြစ်ကြောင်း၊ ယခုလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ထွက်ပေါ်လာသည့် အကြံပြုချက်များ နှင့်အညီ လုပ်ငန်းဆောင်ရွက်မှု စနစ်ပုံစံနှင့် မူဘောင်တို့ကို ပိုမိုကောင်းမွန်အောင် မွမ်းမံ ပြင်ဆင်သွားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနရှိ ဌာနခွဲများနှင့် ကျန်းမာရေးစီမံချက်များတွင် ရောဂါနှင့် ကျန်းမာရေးပြဿနာ စောင့်ကြပ်ကြည့်ရှုမှုစနစ်များ သီးခြားစီရှိနေပြီး ပိုမိုအကျိုးရှိ ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှုစနစ်များကို တစ်စုတစ်စည်းတည်းပေါင်းစပ်၍ စနစ်တစ်ရပ်အဖြစ် အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းနှင့် အထွေထွေရောဂါကုဆရာဝန်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပိုမိုပါဝင်ဆောင် ရွက်နိုင်အောင် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွင်း ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အားဖြည့်ကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် အရေးကြီးသည့် ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ ဘက်စုံပိုမိုကောင်းမွန်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြု ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့မှ ပညာရှင်များက ကမ္ဘာတစ်ဝန်း၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံတို့တွင် ရောဂါဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ဆန်းစစ်သုံးသပ်ခြင်းနှင့် ဝိုင်းဝန်း ဆွေးနွေးအကြံပြုခြင်းများကို ဆောင်ရွက်ကြသည်။

သတင်းစဉ်