နိုဝင်ဘာ ၁၄

တူကီယဲနိုင်ငံ အစ္စတန်ဘူလ်ရှိ လူသိများသောခရီးသွားနေရာတစ်ခု၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါပေါက်ကွဲမှုကြောင့် လူခြောက်ဦးသေဆုံးပြီး အခြား ၈၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ယင်းပေါက်ကွဲမှုသည် အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဖြစ်ဖွယ်ရှိသည်ဟုယူဆကြောင်း အစိုးရကပြောကြားသည်။

ထိုပေါက်ကွဲမှုသည် ယမန်နေ့ကဈေးဝယ်သူများစုပြုံတိုးနေစဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၎င်းပေါက်ကွဲမှုဖြစ်ပွားခြင်းကြောင့် လုံခြုံရေးကင်မရာတွင်အမည်းရောင် ယာယီဖုံးလွှမ်းသွားပြီးနောက် လူအများ မြေပေါ်သို့လဲကျသွားခြင်းနှင့် ဝေးရာသို့ထွက်ပြေးခြင်းတို့ကို တွေ့မြင်ရသည်ဟု သိရသည်။

ဗွီဒီယိုတိပ်ခွေနှင့်မျက်မြင်သက်သေတွေ့ရှိချက်များအရ အမျိုးသမီးတစ်ဦး၏အကြမ်းဖက်တိုက်ခိုက်မှုဖြစ်သည်ဟု ယူဆရကြောင်း တူကီယဲအစိုးရတာဝန်ရှိသူများက ပြောကြားသည်။

၂၀၁၆ ခုနှစ်က တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားပြီးနောက် အစိုးရကလုံခြုံရေးတင်းကြပ်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ယင်းနောက်ပိုင်းတွင်  အကြမ်းဖက်တိုက်ခိုက်မှုကြီးကြီးမားမားမရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို