နေပြည်တော် ဩဂုတ် ၂၃
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီအနေဖြင့် ရခိုင်ပြည် နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှုဖြစ်စဉ်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များတွင် UEHRD Healthcare Taskforce က ပါဝင် ကူညီနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ UEHRD ကော်မတီဒုတိယဥက္က (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ် အေး၊ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဉီးတိုးအောင်နှင့် ဉီးညီငြိမ်းအေး၊ UEHRD ၏ Healthcare Task Force အဖွဲ့ဝင်များ၊ UEHRD ရုံးအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက UEHRD ပြည်ထောင်စု စီမံကိန်း သည် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးအန္တရာယ်ခံစားရသူများ အတွက် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ UEHRD လုပ်ငန်းစဉ်များတွင်ပါဝင်သော လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးတို့ကို ရေရှည် လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ရခိုင်ပြည်နယ်အတွင်း စတင်ပြန့်ပွားမှုဖြစ်ပွားနေစဉ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်အရလိုအပ်ချက် များ ရှိလာပါ ကြောင်း၊ UEHRD ၏ Healthcare Task Force အနေဖြင့် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လက်ရှိအခြေအနေနှင့် လိုအပ်ချက်များအရ UEHRD Healthcare Task Force က ကျန်းမာရေးစောင့်ရှောက် မှုများအတွက်လိုအပ်သော ဆေးရုံကုတင်များ၊ အင်အား တိုးချဲ့ဆောင်ရွက်ရမည့်ကျန်းမာရေး ဝန်ထမ်းများအတွက်လိုအပ်သော ပံ့ပိုးကူညီမှုများ၊ အဖက်ဖက်က ပါဝင်ပူးပေါင်း ကူညီကြမည့် စေတနာ့ဝန်ထမ်းများ၏ လိုအပ်ချက်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပြီး ထိရောက်စွာ ပူးပေါင်း ကူညီကြရန် ဖြစ်ကြောင်း၊ ထို့အပြင် UEHRD၏ အခြားသော Task Forces များနှင့် ပူးပေါင်းဆောင် ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးပေးကြရန် ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက UEHRD အနေဖြင့် လက်ရှိ ရခိုင်ပြည် နယ်၏ ပကတိအခြေအနေများကို သိရှိပြီးဆောင်ရွက်နိုင်ရန် သတင်းရယူညှိနှိုင်းပေး မည့် တာဝန်ခံသတ်မှတ်ခြင်း၊ အမြန်အကောင်အထည်ဖော်နိုင်မည့် လုပ်ငန်းအစီအစဉ် များ သတ်မှတ်ခြင်း၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စများကို UEHRD Healthcare Task Force က သီးခြားဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရန်ဆွေးနွေးဆုံးဖြတ်ခြင်း၊ ကျန်းမာ ရေးဝန်ထမ်းများအတွက် အမြန်ဆုံးကူညီပံ့ပိုးမည့်အစီအစဉ်များဆွေးနွေးခြင်း၊ ရခိုင် ပြည်နယ် လူငယ့်ရေးရာကော်မတီဝင်များနှင့် ဆွေးနွေးရန်ကိစ္စညှိနှိုင်းခြင်း၊ အသင့်ရှိပြီး ဖြစ်သော သင်တန်းဆင်း စေတနာ့ဝန်ထမ်းများအား ပြန်လည်စုစည်းခြင်းနှင့် အင်အား တိုးချဲ့ပြီး သင်တန်းများ ထပ်မံပို့ချရန် စီစဉ်ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးဆုံးဖြတ်ချက်များကို UEHRD ၏ Healthcare Task Force က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်နယ်အစိုးရဌာနဆိုင်ရာများနှင့် အမြန်ဆုံးပူးပေါင်း ဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


