ဘားအံ၊ ၂ ဒီဇင်ဘာ 

ကရင်ရိုးရာဒုံးအကကို ကမ္ဘာ့အမွေအနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးစီးဆောင်ရွက်လျက်ရှိရာ UNESCO သို့ တင်သွင်းရန် အဆိုပြုထားသော ကရင်ရိုးရာ ဒုံးအကနှင့်စပ်လျဉ်းသည့် လုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းဆိုင်ရာညှိနှိုင်း အစည်းအဝေးသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် ဝန်ကြီးများ၊ ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ၊ ကရင်ရိုးရာ ဒုံးအကပညာရှင်များ၊ သုတေသနလုပ်ငန်းဆိုင်ရာ ဆပ်ကော်မတီများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အဆင့် အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ဘားအံဌာနခွဲ) ပြည်နယ်တာဝန်ခံက UNESCO သို့ တင်သွင်းရန် အဆိုပြုထားသည့် ကရင်ရိုးရာဒုံးအကနှင့်ပတ်သက်၍ လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ စိစစ်ရေးပညာရှင် ဘားအံတက္ကသိုလ် သမိုင်းဌာနမှ ကထိက က သုတေသနဆိုင်ရာများကိုလည်ကောင်း၊ ကရင်ရိုးရာဒုံးအကပညာရှင်အဖွဲ့ ခေါင်းဆောင်က သုတေသနလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်ကောင်း၊ ကရင်ရိုးရာဒုံးအက ကကြိုးကကွက် သုတေသန အဖွဲ့ခေါင်းဆောင်၊ တေးအလင်္ကာ သုတေသနအဖွဲ့ခေါင်းဆောင်၊ တူရိယာ သုတေသနအဖွဲ့ခေါင်းဆောင်၊ ရိုးရာသင်တိုင်း အဆင်သုတေသန အဖွဲ့ခေါင်းဆောင်၊ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းအဖွဲ့ ခေါင်းဆောင်၊ စာပေယဉ်ကျေးမှု အဖွဲ့ခေါင်းဆောင်တို့က ၎င်းတို့ဆောင်ရွက်နေသော သုတေသန လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ကြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

ကရင်ရိုးရာဒုံးအကကို UNESCO သို့ တင်သွင်းရန် ဇွန်လခန့်က ရွေးချယ်ဆုံးဖြတ်ခဲ့ပြီး သုတေသနလုပ်ငန်း ငါးခု ခွဲ၍ ဆောင်ရွက်လျက်ရှိရာ ဒုံးအကနှင့်ပတ်သက်၍ ကိုးကားနိုင်လောက်သည့် ကျမ်းတစ်စောင်ဖြစ်ဖို့အတွက်ပါ ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကွင်းဆင်းသုတေသနလုပ်ငန်းများကို ကရင်ဒုံးအက ပညာရှင်များနှင့် စိစစ်ရေးပညာရှင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ UNESCO Form အတွက် လိုအပ်သည့်မူကြမ်းကို ရေးသွင်းပြီးဖြစ်သော်လည်း ပြင်ဆင်ဖြည့်စွက်မှုများ ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဆရာတော်၊ သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒုံးအက နည်းပြဆရာများ၊ ကရင်တိုင်းရင်းသားများနှင့်ပြည်သူများ၏ ထောက်ခံချက်ရရှိရန် လိုအပ်နေသေး ကြောင်း၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းခန့်တွင် UNESCO Form ကို အချောသတ် ထပ်မံရေးသွင်းသွားမည် ဖြစ်ကြောင်း၊ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တင်သွင်းလာသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် ပြန်လည်ရွေးချယ်ဆုံးဖြတ်၍ UNESCO သို့တင်သွင်းမည် ဖြစ်ကြောင်း အဆိုပါလုပ်ငန်းဆိုင်ရာများ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)