ရန်ကုန် ၂၇ ဇူလိုင်
တက္ကသိုလ်များအတွက် လိုအပ်သော ကျောင်းသားရေးရာစီမံခန့်ခွဲမှုများ လျင်မြန်လွယ်ကူသက်သာစေရန်အတွက် အိုင်တီနည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ Blue Ocean Investment Limited က ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ပေးအပ်လှူဒါန်းသည့် University Management System ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တက္ကသိုလ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို စီမံခန့်ခွဲရာတွင် ပိုမိုအဆင်ပြေစေရန် Blue Ocean Investment Limited ၏ နည်းပညာလှူဒါန်းမှုဖြင့် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်များတွင် University Management System ကို စတင်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့် ကျောင်းသားရေးရာနှင့် သင်တန်းရေးရာ လုပ်ငန်းများကို ပိုမိုလွယ်ကူစွာ အချိန်ကုန်သက်သာစွာဖြင့် စနစ်တကျဆောင်ရွက်နိုင်ကြမည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များကို ဆရာ ဆရာမများနှင့် ပူးပေါင်းဖြေရှင်းပြီး သင်ကြားသင်ယူရာတွင် အိုင်တီနည်းပညာကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်မည် ဖြစ်ပါကြောင်း၊ နည်းပညာကိုအသုံးပြုရာတွင် ကျောင်းသား ကျောင်းသူများ၏အချက် အလက်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းနှင့်ပတ်သက်သည့် အချက်အလက်များ လုံခြုံမှုရှိရန် အရေးကြီးပါကြောင်း၊ နည်းပညာကိုအကျိုးရှိစွာ အသုံးပြု၍ တက္ကသိုလ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် လှူဒါန်းကြသည့် အလှူရှင်များကိုလည်း ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က အမှာစကားပြောကြား ပြီး Blue Ocean Investment Limited မှ Chairman ဖြစ်သူ ဦးထွန်းထွန်းနိုင်က လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ပြုံးပြုံးအောင်က ကျေးဇူးတင်စကားပြောကြားပြီး Ed Tech Myanmar မှ CEO ဦးဘုန်းပြည့််ဦးက University Management System မှ ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် အစိုးရစက်မှု လက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည့် “ပညာရေးဝန်ကြီးဌာနနှင့် ဂျီတီအိုင် ကျောင်းသား ဟောင်းများအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော Sakura – Insein Technical Course လျှပ်စစ်နည်းပညာသင်တန်း အမှတ်(၇) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးနှင့် AGTI Society ဥက္ကဋ္ဌ ဦးငြိမ်းအောင်တို့က အမှာစကားပြောကြားပြီး သင်တန်းသားများက သင်တန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် AGTI Society ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များပေးအပ်ခြင်း၊ ထူးချွန်ကျောင်းသားများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် Full Attendance လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းအတွက် ပံ့ပိုးကူညီခဲ့ကြသူများအား ဂုဏ်ပြုမှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


