နေပြည်တော် ၂၆ ဩဂုတ်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းများတွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့က ဥပဒေအထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေးဥပဒေ (၂၀၁၆)နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇) စာအုပ်များလှူဒါန်းခြင်းကို ယနေ့မွန်းလွဲပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်ဇော်က စာအုပ်များပေးအပ်ရသည့် အကြောင်းအရင်းကို ရှင်းလင်းပြောကြားရာတွင် မိမိတို့အဖွဲ့အနေဖြင့် ဥပဒေဆိုင်ရာအထောက်အကူ လိုအပ်သော ပြည်သူများအတွက် အခမဲ့ရှေ့နေလိုက်ပေးခြင်း၊ ဥပဒေအရ အကြံဉာဏ်များပေးခြင်း၊ သတင်းအချက်အလက်များပေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်ပါကြောင်း၊ ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ ခုခံအားကျဆင်းသည့် ရောဂါရှိသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ သက်ကြီးရွယ်အိုများ၊ နိုင်ငံမဲ့များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများသည် ရာဇဝတ်မှုများတွင်  ပါဝင်ပတ်သက်ပါက ဥပဒေအရအ ထောက်အကူပေးခြင်း၊ ပြစ်မှုကြောင်းအရနစ်နာသူများ၊ ပြစ်မှုကျူးလွန်ခြင်းခံရသူများနှင့်ထူးခြား သည့်အကြောင်းအရာများကြောင့် အကူအညီတောင်းခံလာသူများအား အခမဲ့ဆောင်ရွက်ပေးပါကြောင်းနှင့် မိမိတို့အဖွဲ့၏ ဆောင်ရွက်ချက်များတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများနှင့် ချိတ်ဆက်ပူးပေါင်း အကောင်အထည်ဖော်ရမည့်ကိစ္စရပ်များ ပါဝင်သောကြောင့် ယခုလို မိတ်ဆက်ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့ဝန်ကြီးဌာနသည်ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို မွေးစမှ သက်ကြီးရွယ်အိုအရွယ်အထိ ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ သဘာဝဘေး၊ လူကြောင့်ဖြစ်သောဘေး စသည့်ဘေး ဒုက္ခများဖြစ်ပေါ်လာပါက ကူညီထောက်ပံ့ တုံ့ပြန်ဖြေရှင်းပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အစိုးရက ဦးတည်ဆောင်ရွက်လျက်ရှိသည့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးတို့အတွက် မိမိတို့တာဝန်ယူရသည့် အခန်းကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် အဓိကအရေးကြီးသည့်အတွက် လက်ရှိဥပဒေများကိုဆန်းစစ်ပြီး တရားသောဥပဒေများ ပေါ်ပေါက်ရေးနှင့် ဥပဒေစိုးမိုး ရန်ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူများကလည်း ဥပဒေအကြောင်းကို သိရှိနားလည်ပြီး ဥပဒေနှင့်အညီ တရားမျှတမှုရရှိရန် လိုအပ်ပါကြောင်း၊ ယခုအခါ တရားဥပဒေနှင့်ပတ်သက်လာလျှင် ပြည်သူလူထုအား အသိပညာပေးရာတွင် အထောက်အကူပြုအဖွဲ့များ၏ ကဏ္ဍကို သိရှိစေရန်လိုအပ်ပြီး ပို၍ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း၊ ပြည်သူများသည် ဥပဒေဘောင်အတွင်းနေထိုင်ရန် လိုအပ်ကြောင်းသိရှိပြီး ဥပဒေ၏ အကာအကွယ်ပေးမှုကို  အပြည့်အဝရယူနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်းနှင့် ဥပဒေဆိုင်ရာအထောက်အကူပေးရေး ဥပဒေ(၂၀၁၆)နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနည်းဥပဒေ (၂၀၁၇)စာအုပ်များ လှူဒါန်းခြင်းအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူးဦးခင်ဇော်က ဥပဒေစာအုပ်များကို ပြည်ထောင်စုဝန်ကြီးထံသို့ ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်