နေပြည်တော်၊ အောက်တိုဘာ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကို လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်း များဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ထားရှိပြီးဖြစ်ရာ ယနေ့မွန်းလွဲ ပိုင်းတွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ အလင်း ဝင်ရောက်လာသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းနှင့် နယ်မြေ လုံခြုံရေး ဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့် တိုင်းမှူးတို့က အမှာစကား ပြောကြားပြီး ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော ဧရာဝတီတိုင်းဒေသကြီး ကျုံပျော် မြို့နယ်နှင့် ရေကြည်မြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား လေးဦးတို့ ကို ဝန်ခံကတိ လက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်သိမ်းဆည်း ရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ဖော်ထုတ် သိမ်းဆည်းရမိခဲ့သည့် လက်နက်၊ ခဲယမ်းများကို ကြည့်ရှုကြသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများကို ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်