မန္တလေး ၂၀ မေ
ဥပဒေချိုးဖောက်မှုများသည် မတည်ငြိမ်မှုကိုဖြစ်စေပြီး တိုင်းပြည်၏ ဖွံ့ဖြိုးမှုများကို အဟန့်အတားဖြစ်စေနိုင်သဖြင့် တရားဥပဒေစိုးမိုး၍ တည်ငြိမ်အေးချမ်းမှုရရှိစေရေးအတွက် ပြည်သူအားလုံးတွင် တာဝန်ရှိကြောင်း မေလ ၁၉ ရက်က မန္တလေးမြို့ Hotel Sakura Princess တွင် ကျင်းပသည့် တရားဥပဒေ စိုးမိုးရေးအတွက် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ထည့်သွင်းပြောကြားခဲ့သည်။
" ဥပဒေကို လက်တစ်လုံးခြား လုပ်တယ်ဆိုတဲ့ အသိရှိနေသရွေ့ကတော့ တော်တော်ကြိုးစားပမ်းစား ဆောင်ရွက်နေရဦးမှာပါ၊ တရားစွဲအဖွဲ့အစည်းတွေလည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်စေချင်တယ်၊ ခိုင်မာစေချင်တယ်၊ အသိပညာလည်း ပေးဖို့လိုတယ်၊ တရားကို ဆုံးဖြတ်တဲ့အဖွဲ့အစည်းကလည်း ဆင်ချင်တုံတရားရှိပါတယ်၊ ဥပဒေလည်းရှိပါတယ်၊ ဥပဒေ ချိုးဖောက်မှုတွေဟာ မတည်ငြိမ်မှုကို ဖြစ်စေတယ်၊ တိုင်းပြည်ရဲ့ဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်၊ တရားဥပဒေစိုးမိုးရေးဆိုတာ ကျယ်ပြန့်ပါတယ်၊ တည်ငြိမ်အေးချမ်းမှုက ဒီထက်ပိုကျယ်ပြန့်တယ်၊ ပိုလေးနက်တယ်၊ ပိုသိမ်မွေ့တယ်၊ အစိုးရမှမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးမှာတာဝန်ရှိတယ်၊ ဌာနဆိုင်ရာမှမဟုတ်ပါဘူး၊ အကုန်တာဝန်ရှိပါတယ်" ဟု ဝန်ကြီးချုပ်က ပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ပြည်သူလူထုအနေဖြင့်လည်း တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ တရားရေးဆိုင်ရာ အချက်အလက်များကို ပိုမိုသိမြင်လာပြီး ဌာနဆိုင်ရာများကလည်း လုပ်ထုံးလုပ်နည်းများ ဥပဒေများနှင့်အညီ စေတနာသန့်သန့်ဖြင့် ဆောင်ရွက်လာပါက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးသည် အတော်အတန်ခရီးပေါက်ရောက်လာမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပွင့်လင်းလာသဖြင့် ဝေဖန်မှုများပြားလာကြောင်း၊ ဌာနဆိုင်ရာများ၏ လုပ်ထုံးလုပ်နည်းများအား ပြည်သူများသိရှိစေရန် ဆောင်ရွက်ပြီး ဌာနဆိုင်ရာများကလည်း မေတ္တာထား၍ ဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာအလင်းပေးရင်းဖြင့် မေတ္တာအလင်းကိုလည်းပေးရန် ပြောဆိုမှုများရှိပါကြောင်း၊ မေတ္တာအလင်း မပေးဘဲနှင့် ငြိမ်းချမ်းရေးရမည်မဟုတ်ကြောင်း၊ မေတ္တာအလင်းဖြင့် တရားမျှတမှု မရသူများကိုရရှိအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကြိုးစားပမ်းစားဆောင်ရွက်နေသော်လည်း စိန်ခေါ်မှုများသည် ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ကလည်း တရားစီရင်ရေးကိစ္စများတွင် ကြံ့ကြာမှု မရှိစေရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တရားစွဲအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ တရားရေးကိစ္စများတွင် လက်ရှိရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ရှေ့နေချုပ်ရုံးမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဒေါက်တာသီသီမြင့်က တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုအတွက် ငါးနှစ်တာစီမံကိန်း ဆိုင်ရာများကို ရှင်းလည်းပြောကြားခဲ့သည်။
ထို့ပြင် တိုင်းဒေသကြီး တရားမျှတရေးကဏ္ဍ ပေါင်းစပ်ညှိနိုင်းရေးအဖွဲ့ခွဲ ခေါင်းဆောင်က တရားဥပဒေစိုးမိုးရေးဆိုင်ရာများကို ရှင်းလင်းခြင်း၊ တိုင်းဒေသ ကြီးပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များကလည်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်ဖြိုးကျော်