နေပြည်တော် နိုဝင်ဘာ ၂၃
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ယမန်နေ့က ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘီဂါဝမ်မြို့၌ ကျင်းပသည့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များ၏ ပထမအကြိမ် အာဆီယံဝန်ကြီးများ၊ ရှေ့နေချုပ်များ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေး သည်။
အစည်းအဝေးတွင် ဘရူနိုင်းနိုင်ငံ ရှေ့နေချုပ် H.E Dato Seri Paduka Ahmad Isa က အဖွင့်အမှာ စကားပြောကြားပြီး သဘာတိအဖြစ် ဆောင်ရွက်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့ကမ္ဘာ တွင် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်း၊ အကြမ်း ဖက်တိုက်ခိုက်မှု စသည့်ပြစ်မှုများသည် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ကျူးလွန်သည့် ပြစ်မှုများ အဖြစ် တွေ့မြင်လာရကြောင်း၊ ထိုသို့သော ပြစ်မှုများသည် နိုင်ငံတစ်ခု၏ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်စီးစေသည်သာမက နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း၊ လူမှုအဖွဲ့ အစည်းများအတွင်း တရားဥပဒေစိုးမိုးမှု တိုးတက်ကောင်းမွန်ရေးကို မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ ဖြတ်ကျော်မှုခင်း များကို တိုက်ဖျက်ရမည်ဖြစ်ပါကြောင်း။
နိုင်ငံတိုင်းတွင် ကျင့်သုံးသည့် ဥပဒေစနစ်များ တူညီမှုမရှိကြသဖြင့် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအကြား ပူးပေါင်း ဆောင်ရွက်မှုသည် များစွာအရေးကြီး ပါကြောင်း၊ သို့ဖြစ်၍ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီ ပေးရေးဆိုင်ရာ အာဆီယံ သဘောတူစာချုပ်ကို အာဆီယံ အဖွဲ့ဝင်နိုင်ငံ အားလုံးက အတည်ပြုပါဝင်ထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ကုလသမဂ္ဂနှင့် အာဆီယံ တို့၏ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများဖြင့် နိုင်ငံဖြတ်ကျော်မှုခင်းများကို တိုက်ဖျက်ရာတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း(Convention against Transnational Organized Crimes)ကို ၂၀၀၄ ခုနှစ်တွင် လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီ ပေးရေးဆိုင်ရာ အာဆီယံ သဘောတူစာချုပ်ကို ၂၀၀၉ ခုနှစ်တွင် လည်းကောင်း အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်ခဲ့ပါကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နှင့်လည်း နှစ်နိုင်ငံ သဘောတူ စာချုပ်များ ချုပ်ဆို၍ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် အပြန်အလှန် အကူအညီပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်တွင်းဥပဒေအဖြစ် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီ ပေးရေးဥပဒေနှင့် နည်းဥပဒေတို့ကို ၂၀၀၄ ခုနှစ်တွင် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲပြဋ္ဌာန်းခဲ့ပါကြောင်း၊ အဆိုပါဥပဒေ အရ ပြည်ပနိုင်ငံတစ်နိုင်ငံက မြန်မာနိုင်ငံသို့လည်းကောင်း၊ မြန်မာနိုင်ငံက ပြည်ပနိုင်ငံတစ်နိုင်ငံသို့ လည်းကောင်း တိုက်ရိုက်ဖြစ်စေ၊ သံတမန်လမ်းကြောင်းမှ တစ်ဆင့်ဖြစ်စေ ပြစ်မှုဆိုင်ရာမှုခင်းများနှင့် စပ်လျဉ်း၍ အကူအညီတောင်းခံနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာကွန်ဗင်းရှင်းများ၊ အာဆီယံ သဘောတူစာချုပ်များ၊ နှစ်နိုင်ငံသဘော တူညီချက်များပါ တာဝန်များကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ ဖြတ်ကျော်မှုခင်းများသည် နိုင်ငံအားလုံးကို ဆိုးရွားစွာ ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ အဆိုပါ မှုခင်းများကို ထိရောက်စွာ ဟန့်တားတိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတစ်နိုင်ငံတည်း ဆောင်ရွက်ရန် မဖြစ်နိုင်သဖြင့် နိုင်ငံအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် များစွာအရေးကြီးပါကြောင်း ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်း အကူအညီပေးရေးဆိုင်ရာ ဗဟိုအာဏာပိုင်အဖွဲ့များမှ ပြည်ထောင်စုဝန်ကြီးများ၊ ရှေ့နေချုပ်များနှင့် အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ ဥပဒေရေးရာဌာနခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတက်ရောက်စဉ် ကာလအတွင်း ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာ သီတာဦးသည် ထိုင်းနိုင်ငံ ဒုတိယရှေ့နေချုပ် H.E Mr Jumpon Phansumrit နှင့် တွေ့ဆုံ၍ ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ မြန်မာ-ထိုင်း-လာအိုနိုင်ငံ ဥပဒေအရာရှိများအကြား ရွှေတြိဂံဒေသ ဥပဒေအရာရှိများ ကွန်ရက်အစီအစဉ်အရ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် နှစ်စဉ် အစည်းအဝေးများ အလှည့်ကျ လက်ခံကျင်းပ ဆောင်ရွက်ရေး၊ အာဆီယံ ရှေ့နေချုပ်ရုံးများအကြား ထိရောက် ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်ထွန်းလာစေရေးအတွက် အာဆီယံဥပဒေ အရာရှိများ ကွန်ရက်တစ်ခု တည်ထောင်နိုင်ရေးတို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


