နေပြည်တော်၊ ဩဂုတ် ၂၃
ဥပဒေရေးရာဝန်ကြီးဌာနသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၃၅ အရ ဥပဒေစာအုပ်များ၊ ဥပဒေလက်စွဲစာအုပ်များ ပြုစုခြင်းနှင့် ထုတ်ဝေခြင်းများကို သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုစုစည်း၍ နှစ်အလိုက် ဥပဒေစာအုပ်များ ထုတ်ဝေခဲ့ပြီး ယခုအခါ ၂၀၂၁ ခုနှစ် ဥပဒေများစာအုပ်ကို ထုတ်ဝေပြီးဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဥပဒေများစာအုပ်သည် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြဋ္ဌာန်းခဲ့သော ဥပဒေများကိုစုစည်း၍ စာအုပ်ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်တွင် ဥပဒေပေါင်း ၆၃ ခု ပါဝင်ပါသည်။
အဆိုပါ ၂၀၂၁ ခုနှစ် ဥပဒေများစာအုပ်သည် တရားဝင် ရည်ညွှန်းကိုးကားနိုင်သည့် စာအုပ်ဖြစ်ပြီး ဥပဒေပညာရှင်များ၊ ရှေ့နေရှေ့ရပ်များနှင့် ဥပဒေပညာ လေ့လာလိုသူများအတွက် လိုအပ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည့်အပြင် စာကြည့်တိုက်များတွင် ထားရှိသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်