ဖားကန့် ဇွန် ၁၂

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဥရုချောင်းအထက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇွန် ၁၂ ရက် နံနက်ပိုင်းက မြို့ပေါ်မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်း ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

 

မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ငှက်ပျောတောရပ်ကွက် မြေနိမ့်ပိုင်း၌ သုံးပေခွဲခန့်၊ မြို့မရပ်ကွက် ကျောက်ဝိုင်းလမ်းဆုံ၌ လေးပေခန့်နှင့် မရှီကထောင်ရပ်ကွက် လမ်းဆုံနေရာ၌ သုံးပေခွဲခန့် ရေများ ဝင်ရောက်လျက်ရှိသည့်အတွက် ဥရုချောင်းတစ်‌လျှောက် နေထိုင်ကြသော ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက Hand Speaker များဖြင့် လိုက်လံအသိပေး နှိုး‌ဆော်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုကာ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိသည်။ 

 

ထို့အပြင် ကံဆီးကျေးရွာ အထက်ဘက်တွင် ဥရုချောင်း၏ စိုးရိမ်ရေအမှတ်မှာ ၁၂ ပေဖြစ်ပြီး ယခုလက်ရှိ ရေမှတ်မှာ ၇ ပေခွဲခန့်အထိ မြင့်တက်လျက် ရှိသည့်အတွက် ဆက်လက်မြင့်တက်လာပါက ပြောင်းရွှေ့နိုင်ရေး ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။ ရေဝင်ရောက်လျက်ရှိသည့် နေအိမ်များမှ မိသားစုများသည် ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ နေထိုင်ခြင်း မရှိသေးဘဲ ၎င်းတို့၏ နေအိမ်အပေါ်ထပ်တွင်သာ နေထိုင်လျက်ရှိကြောင်း သိရသည်။

 

မိုးသန္တာဦး(ပြန်/ဆက်)