ဥတ္တရသီရိ ဧပြီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါကျောင်းတိုက်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးမင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝါဝါညွှန့်ရွှေတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်း၍ ကျောင်းတိုက်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်(၅၈)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခဲ့သည်။
ဥတ္တရသီရိမြို့နယ်အနေဖြင့် ကာကွယ်ဆေး (Sinovac) ထိုးနှံပေးမည့် သံဃာတော်နှင့် သီလရှင် စုစုပေါင်း (၅၀၀)ပါး ကျော်ရှိပြီး ကျန်ရှိနေသေးသည့် သံဃာတော်နှင့် သီလရှင်များကိုလည်း ဆက်လက်ထိုးနှံပေးမည့်အပြင် အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကျောင်းပြင်ပ ကလေးငယ်များကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အောင်ကို(ပြန်/ဆက်)