နေပြည်တော် ၂၇ ဇွန်


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါး အန္တရာယ် ကင်းဝေးစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် “လူငယ်နှင့် မူးယစ်ဆေးဝါး အန္တရာယ်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို ဇွန် ၂၅ ရက်က ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိရပ်ကွက်ရှိ CAE ကိုယ်ပိုင်အထက်တန်းကျောင်း ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က မူးယစ်ဆေးဝါးတားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းပြောကြားပြီး နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားသည်။


ထို့နောက် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဥတ္တရသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခရိုင်ဥပဒေအရာရှိ  ဦးဆန်းထွဋ်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ညီလာခံကိုယ်စားလှယ် ဦးမင်းဟိန်းခန့်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်လှမျိုးဦးက ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကို ရှောင်ရှားရန်နည်းလမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီတာလှိုင်က မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများအကြောင်းကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့သည်။ 


ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားပေးခဲ့ပြီး ပြည်သူ့စကားဝိုင်းသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN