နေပြည်တော် ဩဂုတ် ၁၉  

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၄/၂၀၂၂ ) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် စစ်ကြောရေးနှင့် တည်းခိုရေးတပ်( ရွာတော်)၊ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပသည်။

 

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်၌ ဦးစီးအရာရှိ အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းပိုင်းဆိုင်ရာ သိသင့်သိထိုက်သည်များကို သင်ကြားပို့ချပေးခဲ့သည့်အတွက် လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်မည် ဖြစ်ကြောင်း။

 

အရာရှိများအနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်းပြီး လုပ်ငန်းစဉ်အလိုက် သေသေချာချာ အသေးစိတ်လေ့လာရန်လိုသကဲ့သို့ ဥပဒေ၊ နည်းဥပဒေများ၏ ဆိုလိုချက်ကို တိတိကျကျ နားလည်သဘောပေါက်ရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်မှန် ကန်ကန် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ ဥပဒေနှင့်မညီ သည့်ကိစ္စရပ်များကိုလည်း တားမြစ်နိုင်မည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ယူရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက်ချွတ်ချော်မှုများ ဖြစ်ခဲ့ပါက  ကော်မရှင်၏သိက္ခာ၊ နိုင်ငံ၏သိက္ခာကို ထိခိုက်နိုင်သည့်အတွက် အမှားမရှိရအောင် သတိထားပြီး သဘောရိုးဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း။

 

ကော်မရှင်အနေနှင့် ယခုအချိန်ကတည်းက ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေနှင့်လည်း တာဝန်ကျရာနေရာသို့ ရောက်ရှိသည့်အခါ လုပ်ဆောင်ရမည့် အလုပ်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် လိုကြောင်း၊ လာမည့်ရွေးကောက်ပွဲကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) သို့ ပြောင်းလဲကျင့်သုံးမည်ဖြစ်ကြောင်း၊  PR စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲများ အဟောသိကံ အလဟဿဖြစ်မှုနည်းပါးပြီး ပါတီစုံ၊ လူတန်းစားစုံ၊ အလွှာစုံကိုယ်စားလှယ်များ ပါဝင်လာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားသော အစိုးရကို ဖွဲ့စည်းဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူနည်းစုပါတီများအနေဖြင့် ယင်းတို့ကို ထောက်ခံသောမဲများ အချိုးအရ ဥပဒေပြုလွှတ်တော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများတွင် ပါဝင် ဆောင်ရွက်ခွင့် ရရှိလာမည်ဖြစ်ကြောင်း၊ PR စနစ်၏ သဘောသဘာဝနှင့် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် လေ့လာပြင်ဆင်ထားရန်လိုကြောင်း။

 

သင်တန်းသားဦးစီးအရာရှိများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသများသို့ ရောက်ရှိချိန်တွင် မြို့နယ် ရွေးကောက်ပွဲ တာဝန်ခံအရာရှိ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်သည့်အတွက် မြို့နယ်ကိုခေါင်းဆောင်ပြီး ရွေးကောက်ပွဲ အောင်မြင်အောင် ဆောင်ရွက်ကြရမည့်သူများဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ခေါင်းဆောင်ကောင်းများအဖြစ် မိမိတို့၏ လုပ်ငန်းတာဝန်များကို တာဝန်ပေးစေခိုင်းမှသာ ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ကြိုတင်မျှော်တွေးပြီး ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆက်စပ်ဆောင်ရွက်ရမည့် ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း၊ မြေပြင်အခြေအနေအရ ဖြစ်ပေါ်လာမည့် အကြောင်းကိစ္စများကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းများရှိပြီး ဖြစ်သည့်အတွက် ကြေညက်အောင်လေ့လာမှတ်သားထားရန်လိုကြောင်း၊ ရွေးကောက်ပွဲကြီး အောင်အောင် မြင်မြင် ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရမည်ဆိုသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ဦးဆောင်ဦးရွက်ပြုပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

အဆိုပါ သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)