နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးအသီးသီးတို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက သင်တန်းသားများ အနေဖြင့် ရွေးကောက်ပွဲနှင့် ရုံးလုပ်ငန်းတာဝန် ၂ ခု တစ်ပြိုင်တည်း ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်အချက်များ၊ ရွေးကောက်ပွဲကော်မရှင်၏ ရုံးလုပ်ငန်းပိုင်းဆိုင်ရာများကို သိရှိထားရန် လိုအပ်သည့်အတွက် သင်တန်းဖွင့်လှစ်ပို့ချခြင်း ဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများကို မြို့နယ်ရွေးကောက်ပွဲ အရာရှိတာဝန် ပေးအပ်မည်ဖြစ်ပြီး အများယုံကြည်လေးစားသည့်ပုဂ္ဂိုလ်များ ခန့်အပ်ပြီးသည့်အခါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဖြစ်လာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရာရှိအနေဖြင့် ရုံးတာဝန်၊ အတွင်းရေးမှူးအနေဖြင့် ရွေးကောက်ပွဲတာဝန်တို့ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း။
ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးသည် အရေးကြီးသည့်လုပ်ငန်း ဖြစ်ကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ရွေးကောက်ပွဲ မကျင်းပမီအထိ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီနှင့် မဲဆန္ဒရှင်ပြည်သူ သုံးဦးသုံးဖလှယ် ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း၊ အောင်မြင်ရန်အတွက် ကော်မရှင်က အဓိကကျပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်အောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ပြောဆိုဆက်ဆံရေးပိုင်းတွင်လည်း အများလေးစားယုံကြည်၍ အားလုံးနှင့် အဆင်ပြေစွာ ပြောဆိုလုပ်ကိုင်ကြရန်လိုကြောင်း၊ အရေးကြီးဆုံးမှာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးတို့ တက်ရောက်ကြပြီး သင်တန်းကို ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၂၉ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်