နေပြည်တော် မတ် ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင် မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြိုစွမ်းရည်မြှင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို က သင်တန်းသူ၊ သင်တန်းသား များအနေဖြင့် သင်တန်းကသင်ကြားပေးလိုက်သည့် သင်ခန်းစာများအပေါ်တွင် အခြေခံပြီး လက်တွေ့ လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် လုပ်ငန်းခွင်၌လည်း ဆက်လက်ပြီး လေ့လာဆည်းပူး ကြရန်လိုကြောင်း၊ သင်တန်းသားအရာရှိများအနေဖြင့် မြို့နယ်များတွင် ရွေးကောက်ပွဲတာဝန်၊ ရုံးတာဝန်များကို တာဝန်ခံဆောင်ရွက်ကြ ရမည့်သူများဖြစ်ရာ အသက်ငယ်သော်လည်း တာဝန်မငယ်သည့် အတွက် ကြိုးကြိုးစားစားနှင့် စေတနာထား ဆောင်ရွက်ကြ ရမည်ဖြစ်ပြီး မြို့နယ်ရှိ အခြားဝန်ထမ်းများနှင့် လည်း တိုင်ပင်ညှိနှိုင်း၍ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထုတ်ပြန်ထားသည့်အမိန့် ညွှန်ကြားချက်များကိုလည်း သိရှိအောင်ဆောင်ရွက်ထားကြရန်လိုကြောင်း၊ သင်တန်းသား အရာရှိများ အနေဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို တာဝန်ခံရသည့် ခေါင်းဆောင် ငယ်များဖြစ်လာသည့် အတွက် လက်အောက်ဝန်ထမ်းများကို ကျောသား ရင်သားမခွဲခြားဘဲ သာရေး၊ နာရေး၊ လူမှုရေးများတွင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် လုပ်ငန်းခွင်တွင် ပျော်အောင်ထားရှိစေလိုကြောင်း၊ လာမည့်ရွေး ကောက်ပွဲကို အပိုင်းခွဲကျင်းပရန် စီမံဆောင်ရွက်လျက်ရှိရာ လူသစ်များသာမက လူဟောင်းများအတွက်ပါ ပထမဆုံး အတွေ့အကြုံဖြစ်မည့်အတွက် ကြုံလာသမျှကို စိတ်ဓာတ်ခွန်အားအပြည့်ဖြင့် ကျော်လွှားရန် ပြင်ဆင် ထားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)