မန္တလေး ၂၆ ဇူလိုင်
မန္တလေးမြို့ အမရမြို့နယ်ရှိ ကမ္ဘာ့အရှည်ဆုံး သစ်သားတံတားဖြစ်သည့် ဦးပိန်တံတားပေါ်သို့ ရေတက်ချိန်၌ လာရောက်လည်ပတ်သူများ အန္တရာယ်မဖြစ်စေရန် လုံခြုံရေးချထားကြောင်း တောင်သမန်ငှက်လှေအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းထံက သိရသည်။
မိုးတွင်းကာလအတွင်းတွင် ဦးပိန်တံတားပေါ်၌ ရေတက်ချိန်ဖြစ်၍ ခရီးသွားပြည်သူများ ပြုတ်ကျလိမ့်ကျမှုများ မဖြစ်စေရေးအတွက် တောင်သမန် ငှက်လှေ အသင်းမှ ဦးဆောင်ကာ လုံခြုံရေး ပေးနေရကြောင်းသိရသည်။
"ခရီးသွားပြည်သူတွေ ပြုတ်ကျတာတို့ မဖြစ်အောင် ငှက်လှေအသင်းကနေပြီးတော့ တစ်နာရီခြားတစ်ခါ ငှက်လှေတွေနဲ့ လုံခြုံရေးအရ လိုက်လံစစ်ဆေးတယ်" ဟု ၎င်းကပြောသည်။
ထို့ပြင် တောင်သမန်အင်းအတွင်းတွင် လာရောလည်ပတ်သည့်ပြည်သူများ ဦးပိန်တံတားကြီးပေါ်သို့ လမ်းလျောက်သွားလာသူများ အင်းအတွင်းသို့ အရက်သေစာသောက်စားကာ ရေဆင်းချိုးသူများကိုလည်း တားမြစ်ထားကြောင်းသိရသည်။
" ခုရေက တံတားပေါ်ထိ မရောက်သေးပေမယ့် လည်တဲ့သူတွေက များတယ်။ အဲ့လိုများတော့ လုံခြုံရေးကို တော်တော်ဂရုစိုက်ရတာပေါ့။ ဒီရာသီ ရေတက်ချိန်မှာကျတော့ ပြည်တွင်းခရီးသွားဧည့်သည်တွေက များတယ်။ ပြည်ပကကျတော့ ဥပရောပနဲ့ တရုတ်လောက်ပဲ လာတာ။ တရုတ်ကတော့ အများဆုံးပေါ့ " ဟု၎င်းကဆက်ပြောသည်။
မိုးတွင်းကာလအတွင်းတွင် ဦးပိန်တံတားရေတက်ချိန်၌ ပြုတ်ကျ လိမ့်ကျမှုများ ဖြစ်ပွားတတ်ပြီး သေဆုံးသူများလည်း ရှိကြောင်းသိရသည်။ ဒါအပြင် တံတားပေါ်မှ မူးပြီးပြုတ်ကျသူများ ရေနစ်သေဆုံးသူများ ထိခိုက်ဒဏ်ရာရရှိသူ နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားသည် ကာလကြာမြင့်လာသဖြင့် ဆွေးမြည့်ပျက်စီးလာရာ ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ငါးကြိမ် ပြုလုပ်ခဲ့သည်။
တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့ဝန်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်အားဖြင့် ၃၉၈၇ ပေရှည်လျားကာ၊စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။ သို့သော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။
သူရိန်လင်း


