စစ်တွေ ဇန်နဝါရီ ၃၁
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်အား ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများ အကြီးစားပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ကမ်း၌ လောကာနန္ဒာ စေတီတော် ရင်ပြင်အတွင်း အသုံးပြုမည့် နေပူခံကျောက်ပြားများ အတင်အချ ပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်းဝင် ဦးရဲကျော်သူကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဦးရဲကျော်သူကျောင်းတိုက် ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေအနေများ၊ သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုအခြေအနေများကို လျှောက်ထားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးရဲကျော်သူကျောင်းတိုက်နှင့် သကျမုနိသိမ်တော်ကြီး ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးလုပ်ငန်း တာဝန်ခံက ကျောင်းတိုက်နှင့် သိမ်တော်ကြီးအား အကြီးစားပြုပြင်နေမှု၊ အဆင့်အဆင့် ပြုပြင်ပြီးစီး နေမှုနှင့် ဆက်လက်ပြုပြင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သကျမုနိသိမ်တော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး သိမ်တော်ကြီးပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်းသို့သွားရောက်ပြီး အမ်ဗွီ-ရဲမာန်အောင် သင်္ဘောပေါ်မှ နေပူခံကျောက်ပြားများကို လူအင်အား၊ စက်ယန္တရား အင်အားများအသုံးပြုကာ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများအား ယခင် ပြည်တော်အေးသင်္ဘောဖြင့် ၁၃၈၄၈၀ ရောက်ရှိခဲ့ပြီး ယခုအခါ အမ်ဗွီ-ရဲမာန်အောင် သင်္ဘောဖြင့် ကျောက်ပြား ၁၄၀၀၀ ကျော် ရောက်ရှိလာခြင်းဖြစ်ရာ စုစုပေါင်း ၁၅၂၄၈၀ ရောက်ရှိပြီး ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


