နေပြည်တော် ၂ ဇူလိုင်
"(၁၀)ကြိမ်မြောက် အာဆီယံပုစွန်မွေးမြူမှု မိတ်ဖက်အဖွဲ့အစည်းအဝေး" (10th Meeting of ASEAN Shrimp Alliance-10th ASA)၊ (၁၂)ကြိမ်မြောက် အာဆီယံ ငါးလုပ်ငန်းအတိုင်ပင်ခံဖိုရမ် (12th Meeting of ASEAN Fisheries Consultative Forum-12th AFCF) နှင့် (၂၈)ကြိမ်မြောက် အာဆီယံငါးလုပ်ငန်းဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းအဝေး (28TH Meeting of ASEAN Sectoral Working Group on Fisheries -28th ASWGFi) အစည်းအဝေးများအား ဘရူနိုင်းဒါရူဆလင်နိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူဆောင်ရွက်ပြီး ဇွန် ၂၂ ရက်မှ ၂၇ ရက်အထိ virtual Meeting အဖြစ် တစ်ဆက်တစ်စပ်တည်း အောင်မြင်စွာ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ ပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား ငါးလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရေးကြီးဆွေးနွေးရန်ကိစ္စများ၊ အာဆီယံ ငါးလုပ်ငန်းမူဝါဒဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံအဆင့်မြင့်အရာရှိကြီးနှင့် ဝန်ကြီးအဆင့် အစည်းအဝေးများသို့ တင်ပြအတည်ပြုချက်ရယူရမည့် ကိစ္စရပ်များနှင့် ASEAN-SEAFDEC မဟာဗျူဟာ လမ်းညွှန်ချက်နှင့်အညီ အာဆီယံဒေသအတွင်း ပုစွန်မွေးမြူထုတ်လုပ်မှု စံချိန်စံညွှန်းများအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ငါးလုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


