ညောင်ဦး ဇူလိုင် ၁၂
ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း ညောင်ဦးမြို့၊ ထီးလိုမင်းလို ဘုရား ဂေါပကဥက္ကဋ္ဌ ဦးတင်လှဦးထံမှ သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ဝါတွင်းကာလအတွင်း အဖိတ်၊ ဥပုသ်နေ့များတွင် နံနက် ၄ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ ဝါဆိုလပြည့်(ဓမ္မစကြာနေ့)တွင် နံနက် ၄ နာရီမှစတင်ပြီး မြန်မာပြည်အရပ်ရပ်မှ ခရီးသွားဘုရားဖူးများ ရွှေစည်းခုံစွယ်တော်မြတ် စေတီကြီးသို့ ဆွမ်းကပ်ရန်နှင့် တရားထိုင်၊ ပရိတ်၊ ပဋ္ဌာန်းရွတ်ဖတ်ရန် ရောက်ရှိနေကြကြောင်း ရွှေစည်းခုံဘုရား ရုံအဖွဲ့မှူး ဦးသန်းမြင့်ဦးက ပြောပြသည်။
ခရီးသွားဘုရားဖူးများသည် သမိုင်းဝင် အထင်ကရဘုရားများသာမက ဘုရားသုံးဆူ၊ လေးမျက်နှာ ဘုရား၊ သစ္စာဝတီဘုရား၊ ဝတ္တနထောဘုရားစု၊ ဆူးလေကုန်းဘုရား၊ ကျောက်မျက်မှော်ဘုရား၊ အရှေ့ဖက်လိပ်ဘုရား၊ အနောက်ဖက်လိပ်ဘုရား၊ စိမ်းညက်ညီအစ်မဘုရား၊ သိကြားပုန်းဘုရား၊ သကြားဟစ်ဘုရား၊ ခြောက်ဘုရားလှ၊ နန်းဦးဘုရား၊ နတ်လှောင်ကျောင်း၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဥပါဠိသိမ်၊ ရွှေလိပ်တူးဘုရားနှင့် လူသူအရောက်အပေါက်နဲသည့် ဘုရားများကိုပါ ပြည်တွင်းဧည့်လမ်းညွှန်များ ငှားရမ်း၍ သွားရောက်ကြပြီး နံရံဆေးရေးပန်းချီ လေ့လာခြင်း၊ ရှေးဟောင်းအင်္ဂတေပန်းများ လေ့လာခြင်း၊ များပြားလှသည့်ဘုရားများအား ပုံစံမတူတည်ဆောက်ပုံများကို လေ့လာခြင်းတို့ကို ပြုလုပ်ကြကြောင်း သိရသည်။
ကိုကြေးမုံ