နေပြည်တော် ဇူလိုင် ၉

 

ဝါဆိုလပြည့်နေ့သည် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာဟူသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓ မြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ် ခြင်း၊ သံဃာရတနာ စတင် ပေါ်ပေါက်လာသော နေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံလာသော နေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရ သောနေ့ဖြစ်ခြင်း စသည်ဖြင့် ထူးခြားဂုဏ်ဒြပ် ကိုးရပ်တို့နှင့် ပြည့်စုံသော နေ့ထူးနေ့မြတ် ဖြစ်သည်။

 

ကုသိုလ်ယူသူများစည်ကား

အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်း ဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ကုသိုလ်ဒါန သီလပွားများခြင်း၊ စတုဒိသာအလှူများ ပေးလှူခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိဘုရား၊ စေတီ၊ ပုထိုးများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်ဖူးမြော် ကြည်ညို ကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။

 

ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၊ အပန်းဖြေစခန်းများ၌လည်း လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်