မန္တလေး ဇူလိုင် ၉

 

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိဘုရား၊ စေတီ၊ ပုထိုးများအား ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများအားထုတ်ခြင်း၊ ရပ်ကွက်၊ လမ်းများရှိ ဓမ္မာရုံများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်း တို့ဖြင့် စည်ကားလျက်ရှိသည်။

 

ကုသိုလ်ကောင်းမှုပြု

နံနက်ပိုင်းမှစတင်၍ မန္တလေး မြို့၏အထင်ကရဖြစ်သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ဒေသခံ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူအပေါင်းတို့ လာရောက်ဖူးမြော် ကြည်ညိုကြပြီး ဆွမ်း၊ ရေချမ်း၊ ပန်း၊ ကပ်လှူပူဇော်ခြင်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပာယ်ခြင်းများအပြင် ဥပုသ်သီတင်းသီလဆောက်တည်၍ တရားဘာဝနာ အားထုတ်ခြင်းနှင့် ဘာသာရေး၊ လူမှုရေးဝတ် အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်တို့ကို အဖွဲ့လိုက်၊ မိသားစုလိုက်ရွတ်ဖတ်ခြင်းများ ဆောင်ရွက်ကြပြီး ကုသိုလ်ကောင်းမှုပြုကြသည်။

 

စည်ကားလျက်ရှိ

အလားတူ မန္တလေးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်း များ၌ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နံနက်အရုဏ်တက်ချိန်မှစ၍ ဓမ္မစကြာ အခါတော်နေ့ ပူဇော်ပွဲ၊ ဝါဆိုဝါကပ်ပွဲ၊ ဝါဆိုပန်း၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းလောင်းလှူဒါန်းခြင်း၊ ဇီဝိတ ဒါနဘေးမဲ့လွတ်ခြင်း စသည့် ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့မြင်ရသည်။

 

ထို့အတူမန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ကကြီးမှူး၍ မန္တလေးမြို့ပေါ် ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်အရှင်သူမြတ်များအားရည်မှန်း၍ ပင့်သံဃာ ၂၇ ပါးတို့အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီး၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) အလှူအဖြစ် ကျင်းပသည်။

 

ထို့ပြင် မြို့၊ ရွာ၊ ရပ်ကွက်ရှိ ဓမ္မာရုံများတွင် ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်ဘောစဉ်များကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်း ခြင်း၊ သံဃာတော်များက သီလပေးတရားတော်များနှင့် နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်ခြင်းစသည့် တရားဓမ္မသံများဖြင့်လည်း ထုံမွမ်းလျက်ရှိသည်။

 

အလားတူ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ မန္တလေးတောင်တော်၊ ဝေရောစနကျောက် စိမ်းစေတီတော်၊ အောင်တော်မူဘုရားနှင့် အခြားဘုရား၊ စေတီတို့တွင်လည်း လာရောက်ဖူးမြော် ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး စေတနာရှင်အလှူရှင်များက စတုဒိသာများ ကျွေးမွေးလှူဒါန်း ဒါနပြုကြသည်။

 

ထို့အတူ မန္တလေးမြို့၏ အထင်ကရနေရာများဖြစ်သော ကမ်းနားလမ်းရှိ မြို့တော်ဥယျာဉ်၊ ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ အပန်းဖြေ စခန်းများ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတား၊ တောင်သမန်မယ်ဇယ်လွင်ပြင်အပန်းဖြေစခန်း တို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေအနား ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မောင်အေးချမ်း