နေပြည်တော် ဇူလိုင် ၉
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သကဲ့သို့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) ဖြစ်သည့်အတွက် နိုင်ငံတစ်ဝန်းရှိ ဘုရားစေတီများ၌ ပြည်သူများသည် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ ဥပုသ်သီလဆောက်တည်ကြခြင်းနှင့် တရားဘာဝနာပွားများခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၌လည်း ဗုဒ္ဓဘာသာ အစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှု ပြုလုပ်၍ သီတင်းသီလဆောက်တည်ကြသူ ရဟန်းရှင်လူ၊ ပြည်သူများဖြင့် စည်ကားခဲ့သည်။
နံနက်ပိုင်းမှစတင်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်ညို သဒ္ဓါပွားများစွာဖြင့် လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားခဲ့သည်။
ထို့ပြင် ဘုရားဖူးလာပြည်သူများသည် အံ့မခန်းဗိသုကာလက်ရာများဖြင့် တည်ဆောက်ပူဇော် ထားသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြား သာသနိက အဆောက်အအုံများကို ဆက်လက်ဖူးမြော် လေ့လာကြည်ညိုကြကာ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျတည်ဆောက်ထားရှိသည့် ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးနေရာများ၌လည်း မိသားစုအလိုက်နှင့် မိတ်ဆွေသူငယ်ချင်းအစုအဖွဲ့အလိုက် ပျော်ရွှင်စွာ အမှတ်တရဓာတ်ပုံရိုက်နေကြသည့် မြင်ကွင်း ကိုလည်း ကြည်နူးဖွယ်ရာတွေ့မြင်ရသည်။
အလားတူ နေပြည်တော်ရှိ လက်လုပ်တောင်၊ ရွှေနန်းသွင်းစေတီတော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး၊ ဒက္ခိဏသီရိ မြို့နယ်ရှိ ရန်အောင်မြင်စေတီတော်၊ လယ်ဝေးမြို့နယ်ရှိ ဖောင်တော်ချက်မစေတီတော်၊ ဥတ္တရသီရိမြို့နယ်ရှိ သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကြီးနှင့် "ဖွား၊ ပွင့်၊ ဟော၊ စံ" သံဝေဇနိယ (၄) ဌာန အပါအဝင် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဘုရားဖူးများဖြင့် စည်ကားခဲ့ပြီး ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်းတို့ဖြင့် ပြည်သူများ ကုသိုလ်ကောင်းမှု ပြုလုပ်လျက်ရှိသည်ကို တွေ့မြင်ရသည်။
ထို့အတူ ဝါဆိုလပြည့်နေ့သည် အများပြည်သူ ရုံးပိတ်ရက်လည်းဖြစ်သည့်အတွက် နေပြည်တော် အတွင်း အပန်းဖြေအနားယူရာနေရာများ၌လည်း လွတ်လပ်ပေါ့ပါးပျော်ရွှင်စွာ အနားယူအပန်းဖြေ ကြသည့် ပြည်သူများဖြင့်လည်း စည်ကားခဲ့သည်။
ဝါဆိုလပြည့်နေ့သည် ဘုရားအလောင်းတော် တုသိတာနတ်ပြည်မှ စုတေကာ လူ့ပြည်၌ ပဋိသန္ဓေ တည်သည့်နေ့၊ သိဒ္ဓတ္ထမင်းသား နိမတ်ကြီးလေးပါးကိုမြင်၍ တောထွက်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူပြီး ဓမ္မစကြာတရားဦးကို ဟောကြားတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူပင် ခြေရင်း၌ တိတ္ထိတို့ကို နှိမ်နင်း၍ တန်ခိုးပြာဋိဟာ ပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့၊ တရားရတနာ စတင်ပေါ်ထွန်းသောနေ့၊ သံဃာရတနာ စတင်ပေါ်သောနေ့၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံ သောနေ့နှင့် ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်းစသည့် ထူးကဲမွန်မြတ်လှ သည့်ဂုဏ်အင်တို့နှင့် ပြည့်စုံသောနေ့ ထူးနေ့မြတ်ဖြစ်ကြောင်း သိရသည်။
မင်းကျော်စွာ၊ ဓာတ်ပုံ- ဖိုးပြည့်စုံ