ပူတာအို ၁၉ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုရမည့် မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ် အသုံးပြုကာ ပို့ဆောင်ပေးလျက်ရှိသည်။
ခေါင်လန်ဖူးမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ကျေးရွာ အုပ်စု(၂၃)အုပ်စု၊ မဲရုံပေါင်း(၃၆)ရုံနှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူပေါင်း (၈၅၆၀) တို့ ဆန္ဒမဲပေးနိုင်ရေး မဲရုံသုံးပစ္စည်းများ အချိန်မီ ဖြန့်ဝေပေးနိုင်ရန်အတွက် မဲရုံသုံး ပစ္စည်းပေါင်း(၂၅)မျိုးအနက် မဲပုံးများ၊ မဲလက်မှတ်များ၊ ကြိုတင်မဲစာအိတ်များနှင့် မဲရုံသုံး ပစ္စည်းများကို ပထမအကြိမ်အနေဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့်မဲရုံသုံးပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တပ်မတော်ရဟတ်ယာဉ်အသုံးပြုကာ မဲရုံသုံးပစ္စည်းများ အဆင်ပြေ ချောမွေ့စွာရောက်ရှိနိုင်ရေး အတွက် တပ်မတော်သားများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုများကို ပူတာအို အခြေချ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပြန်/ဆက်)


