ဝေါ    ဇွန်    ၉
 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဇွန် ၈ ရက် ညပိုင်းနှင့် ဇွန် ၉ ရက် နံနက်ပိုင်းတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် အိမ်များ ပြိုကျပျက်စီးကာ သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။

 

ထိုသို့ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မိုးနက်ကျေးရွာအုပ်စု၊ မဝါတဲစုကျေးရွာတွင် ဇွန် ၈ ရက် ညပိုင်းက တောင်ထန်းမိုး၊ ဝါးထရံကာ၊ ဝါးခင်းအိမ် သုံးလုံး ပြိုကျပျက်စီး၊  သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ် နှစ်လုံး၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ပျဉ်ခင်းတစ်လုံး အမိုးလန်ပျက်စီးခဲ့ပြီး ကုက္ကိုပင် ငါးပင် ပြိုလဲခဲ့သည်။ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဘုရားပျိုကျေးရွာအုပ်စု၊ ကမာကဘန်ကျေးရွာတွင် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်လေးလုံး အမိုးလန်ပျက်စီး၍ သစ်ပင်လဲပြိုပိကာ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း အိမ်တစ်လုံး ပြိုကျပျက်စီးခဲ့ပြီး သစ်မိုး၊ ထရံကာ၊ ဝါးခင်း အိမ် သုံးလုံး၊ တောင်ထန်းမိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်လုံးပြိုကျပျက်စီးခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး အိမ်ပျက်စီးဆုံးရှုံးခဲ့သူများမှာ နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွေ့နေထိုင်လျက်ရှိ​ကြောင်း သိရသည်။

 

အဆိုပါ လေဆင်နှာမောင်းတိုက်ခိုက်ခဲ့သည့် ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသိန်းထွန်းနှင့် တပ်ဖွဲ့ဝင်များက သစ်ပင်များ ရှင်းလင်းပေးခြင်း၊ ကူညီပေးခြင်းများ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

 

စိုးမိုး(ပြန်/ဆက်)