ဝေါ ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများအရောက် ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးခြင်းနှင့် လက်တွေ့ သရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဝင်းကဒတ်ကျေးရွာနှင့် မွန်းလွဲပိုင်းတွင် နာရီကတောကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဝေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းငြိမ်း က ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပညာပေးဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမှုအပေါ် ပြန်လည်ရှင်းလင်းဆောင်ရွက်ခဲ့သည်။
ထို့နောက် ဝင်းကဒတ်ကျေးရွာမှ ရပ်မိရပ်ဖဒေသခံများမှ ကျေးရွာအတွင်း လမ်းများပြုပြင်ပေးနိုင်ရေးနှင့် ဝင်းကဒတ်ချောင်း သောင်ထွန်း၍ ရေစီးရေလာ ကောင်းမွန်အောင် ပြန်လည်တူးဖော်ပေးနိုင်ရေး ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)