ဝေါ သြဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ်ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို ယနေ့ နံနက်ပိုင်းက ဝေါမြို့မဈေး အတွင်း / အပြင်ရှိ ဈေးဆိုင်များလိုက်လံ စစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ထို့သို့စစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေး အဖွဲ့များ၊ မြို့နယ်စားသုံးသူရေး ဦးစီးရာဌာနမှ မြို့နယ်တာဝန်ခံ စစ်ဆေးရေးမှူး ဦးထွန်းနိုင်နှင့် မိတ်ဖက် ဌာနများဖြင့်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဝေါမြို့နယ် အတွင်းရှိ ဈေးဆိုင်များတွင် ထုတ်လုပ်ဖြန့်ချီရောင်းချလျက်ရှိသော ကုန်စည်များအနက် သောက်ရေသန့်၊ အချိုရည်၊ ယိုမျိုးစုံတို့အား စားသုံးသူပြည်သူများ အဆင်ပြေနိုင်စေရေးအတွက် စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြန်မာဘာသာဖြင့် ဖော်ပြရာတွင် စားသုံးသူရေးရာဌာနမှ ထုတ်ပြန်ထားသော အချက်(၇)ချက်ကို စနစ်တကျ လိုက်နာပေးစေလိုကြောင်း တစ်ဆိုင်ပြီးတစ်ဆိုင် အသိပညာပေး ပြောကြားကာ လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)


