နေပြည်တော်၊ စက်တင်ဘာ ၅

 

ပြည်ကြီးတံခွန် စက်မှုဇုန်(၁)ရှိ ပုဂ္ဂလိက ဝါကြိတ်စက်ရုံများတွင် ဝါစေ့ဆီထုတ်လုပ်နေမှုနှင့် ဝါဂွမ်းဘေထုပ် ထုတ်လုပ်နေမှုများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုအားပေးရာ လုပ်ငန်းရှင်များက ပြည်ကြီးတံခွန် စက်မှုဇုန် (၁) အတွင်းရှိ ဝါကြိတ်စက် (၁၆၉) လုံး၊ ဝါစေ့ဆီ ဆုံ (၂၄) လုံး၏ ကုန်ကြမ်းရရှိမှုနှင့် ကုန်ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ဝါစေ့ဆီကြမ်း ထုတ်လုပ်နိုင်မှုနှင့် ဝါစေ့ကြိတ်ဖတ်များကို မွေးမြူရေးတိရစ္ဆာန် အစာအဖြစ် ရောင်းချနိုင်မှုများကိုလည်းကောင်း လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း တင်ပြကြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဝါသီးနှံစိုက်ပျိုး ထုတ်လုပ်သူ တောင်သူများ၊ ဝါသီးနှံနှင့် နှီးနွယ်ပတ်သက်နေသော ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အစုအဖွဲ့များစုဖွဲ့ပြီး အကျိုးတူကန်ထရိုက် လယ်ယာစနစ် ဆောင်ရွက်ရန် လိုကြောင်း၊ စက်ရုံကလိုချင်သည့် ဝါဂွမ်းအရည်အသွေးကို တောင်သူအား စိုက်ပျိုးစေပြီး တောင်သူလိုအပ်မည့် မျိုးနှင့်သွင်းအားစုကို ထောက်ပံ့ပေးခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးစီးပွား ဖြစ်ထွန်းနိုင်ကြမည်ဖြစ်ကြောင်း၊ ဝါစေ့ဆီအပါအဝင် နေကြာဆီ စားအုံးဆီ စသဖြင့် ဆီကြမ်းများကို သန့်စင်ပြီး အချိုးအစားတိကျသည့် ရောနှောဟင်းသီးဟင်းရွက်ဆီကို စားသုံးသူများလိုအပ်ချက်နှင့်အညီ အညွှန်းစာအပြည့်အစုံဖြင့် ထုတ်လုပ်နိုင်ပါက ဈေးကွက်အတွင်း ထုတ်လုပ်သူရော သုံးစွဲသူပါအကျိုးရှိ နိုင်ကြမည်ဖြစ်၍ ဆီသန့်စက်ရုံလုပ်ငန်း ရင်းနှီးမြုပ်နှံလိုပါက တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်စေရန် မိမိတို့ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။

 

ထိုမှတဆင့်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမရပူရမြို့နယ်၊ ရေကြည်ပေါက်ရွာရှိ ပုဂ္ဂလိက စက်ရက်ကန်းရုံတွင် ၂/၄၀ ၊ ၂/၈၀ နှင့် ၂/၁၀၀ ချည်ထည်အမျိုးမျိုးကို ဈေးကွက် လိုအပ်ချက်အရ ထုတ်လုပ်နေမှု၊ ကုန်ချောထုတ်လုပ်ရန် ပြည်တွင်း ပြည်ပမှ ဝါနှင့် ပိုးချည်များ ဝယ်ယူအသုံးပြုမှုကို ဆွေးနွေးကြပြီး ချည်ထည်ရက်လုပ်နေမှုနှင့် ချည်ခင်ဆေးဆိုးလုပ်ငန်းများ ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်