နေပြည်တော် ၂၅ မေ

ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs)ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်း၊ ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ၊တိုင်းဦးစီး ဗိုလ်မှူးကြီး  ဗိုလ်မှူးကြီး ထွန်းနေလင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းနှင့် လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များသည် မူလနေရပ်များသို့ မိမိဆန္ဒအလျောက် ပြန်လည်နေထိုင်လျှက် ရှိကြသည့်  ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာသို့ သွားရောက်၍ ဒေသခံကျေးရွာသူ ကျေးရွာ သားများနှင့်တွေ့ဆုံကာ အားပေးစကားပြော ကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ပေါင်းစပ် ညှိနှိုင်းပေးသည်။

အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး ဦးစိုးအောင်က လတ်တလော နိုင်ငံတော်အစိုးရမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စများ ဆောင်ရွက်ပေးထားသည်ကို တွေ့ရှိရပြီး စားနပ်ရိက္ခာ နှင့် ယာယီ အဆောက်အဦများအတွက် အိမ်မိုးသွပ်များ၊ မိုးကာများ ထောက်ပံ့ပေးထားသည်ကို တွေ့ရပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် တပ်မတော် ဆေးအဖွဲ့ကလည်း စောင့်ရှောက်ပေးလျက် ရှိပါကြောင်း၊ ကျေးရွာပြန်လည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး လူမှုအဖွဲ့အစည်းများ၏ အားကိုလည်း ရယူပေးသွားမည် ဖြစ်ပါကြောင်း  အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ပေးရေး၊ လယ်ယာ မြေများပြန်လည် ဖော်ထုတ်ပေးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လုပ်ငန်းများအတွက် နိုင်ငံတော်မှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း  ပြောကြားသည်။

ယင်းနောက် ကချင်ပြည်နယ် ဝန်ကြီးများက အားပေးစကား ပြောကြားကြသည်။

ထို့နောက် ဒုတိယဝန်ကြီးက  ပြန်လည်ပြောင်းရွေ့လာခဲ့သည့် အိမ်ထောင်စု(၉၈)စု၊ လူဉီးရေ (၆၁၃) ဦးအတွက် အသေးသုံး ဟင်းရံဖိုးငွေ တစ်ဦးလျှင် (၂၀ဝ၀) ကျပ်နှုန်းဖြင့် စုစုပေါင်း (၁,၂၂၆,ဝ၀ဝ) အားလည်းကောင်း၊ ကိုယ်ဝန်ဆောင် မိခင်တစ်ဦးအတွက် (၃၀ဝ၀ဝ) ကျပ်အားလည်းကောင်း၊ ကလေးငယ်များအတွက် ကစားစရာအရုပ်များနှင့် မုန့်များကိုလည်းကောင်း ထောက်ပံ့ပေးသည်။ ဆက်လက်၍ ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းထွန်းနှင့် လူမှုရေးဝန်ကြီး ဦးနေဝင်းတို့မှလည်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ခေါက်ဆွဲခြောက်များကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ကျောင်းသုံးဗလာစာအုပ်များကို လည်းကောင်း ထောက်ပံ့ပေးကြသည်။

ဆက်လက်၍ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးရွာအတွင်းရှိ နေအိမ်များ ပြန်လည် တည်ဆောက်ထားမှု၊ နယ်မြေခံတပ်မှ ကျေးရွာအတွင်းဖွင့်လှစ်ပေးထားသည့် ဆေးခန်းနှင့် လာမည့်ဇွန်လတွင် ဖွင့်လှစ်မည့် အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်၏ အခြေအနေများ၊ ပြုပြင်ပေးရန် လိုအပ်ချက်များ သွားရောက်ကြည့်ရှုကာ လုပ်ငန်းအဖွဲ့ဝင်များမှ မိမိတို့နှင့် သက်ဆိုင်သည့် ကဏ္ဌများအလိုက် ကျောင်းဖွင့်အမီ ပြုပြင်ဆောင်ရွက်ပေးရန်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)