ဝိုင်းမော် ၂၉ ဇွန်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဇွန် ၂၆ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မန်ဝိန်းကျေးရွာရှိ ဆွတ်ဂျတ်ဆည် အတွင်းရေများပြည့်လျှံကာ ဆည်ဘောင်ကျိုးပေါက်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၂၆ ရက်ညပိုင်းက ဝါးရှောင်ရေလွှဲဆည်မိုးရေချိန်စခန်း၏ မိုးရေချိန်တိုင်းတာချက်များအရ ယင်းနေ့တွင် မိုးရေချိန်တစ်လက်မကျော် ရွာသွန်းခဲ့ပြီး မန်ဝိန်းကျေးရွာရှိ ဆွတ်ဂျတ်ဆည်တွင် ရေများပြည့်လျှံကာ ဆည်၏ယာဘက်အခြမ်း အလျား(၃၁)ပေ၊ အနံ(၂)ပေခွဲ၊ အမြင့်(၈)ပေခန့်ရှိသည့် ဆည်ဘောင်မှာ ရေတိုက်စားကျိုးပျက်ခဲ့ကြောင်း သိရသည်။
ဆည်ဘောင်ကျိုးပေါက်သည့်နေရာသို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီနှင့် တာဝန်ရှိသူများ၊ ဝိုင်းမော်မြို့နယ် ဆည်မြောင်းဦးစီးဌာနမှူး ဦးစိုးဝေလင်းထွန်းနှင့် ဝန်ထမ်းများမှ ကွင်းဆင်းကြည့်ရှုကာ ရေပြန်ကျချိန်တွင် ဆည်ဘောင်ကျိုးပျက်မှုအား ၎င်းဌာနမှ ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


