ဝိုင်းမော် ၃  ဇူလိုင် 


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ဇူလိုင် ၁ ရက်က တစ်သျူးငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်နေသည့် ဆေးဖျန်းအလုပ်သမားငါးဦး ပိုးသတ်ဆေးကြောင့် မူးဝေအော့အန်ကာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

 

1

 


ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်၊ ဆွတ်ဘွမ်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကုမ္ပဏီမှ တစ်သျှူးငှက်ပျောဆေးဖျန်း လုပ်သားများဖြစ်သည့် ပိုက်အေး(၂၅ နှစ်)၊မိုးဒီ(၂၁ နှစ်)၊ဇင်ဖုန်းအောင်(၃၂ နှစ်)နှင့် မြင့်ဝေ(၃၅ နှစ်)တို့ လေးဦးသည် ငှက်ပျောစိုက်ခင်းအတွင်း နံနက် ၆ နာရီမှစတင်ကာ ချဆေးဖြန်းခြင်း လုပ်ငန်းလုပ်ကိုင်ပြီး မွန်းလွဲပိုင်းတွင် ရေချိုး၍ ထမင်းစားမည်ပြုစဉ် မခံမရပ်နိုင်အောင် မူးဝေအော့အန်ခြင်းများ ဖြစ်ခဲ့သဖြင့် ကုမ္ပဏီဝန်ထမ်းများက သုံးဘီးယာဉ်ဖြင့် ဝိုင်းမော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ 

 

1

 


ထိုသို့ ပို့ဆောင်စဉ် ပိုက်အေးနှင့် မိုးဒီတို့နှစ်ဦးမှာ သတိမရသဖြင့် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ဆက်လက်ပို့ဆောင်ခဲ့စဉ် ဆေးရုံသို့လိုက်ပါပို့ဆောင်သူ ဆန်းမင်း(၁၈ နှစ်)မှာလည်း ဆေးရုံအရောက်တွင် မူးဝေအော့အန်ခြင်းများဖြစ်လာသဖြင့် မြစ်ကြီးနားဆေးရုံတွင် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူခဲ့ရသည်။


ငှက်ပျောစိုက်ပျိုးရေးလုပ်သားငါးဦးမှာ ဇူလိုင် ၂ ရက်တွင် ကျန်းမာရေးပုံမှန်အတိုင်း ကောင်းမွန်ခဲ့ပြီး ထိုသို့ဖြစ်ပွားရခြင်းမှာ ပိုးသတ်ဆေးကိုင်တွယ်ရာတွင် ခေါင်းစွပ်၊ မျက်နှာဖုန်း၊ လက်အိတ် အစရှိသည့် အကာအကွယ်များ မပါရှိခြင်း၊ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုချိန်တွင် ကွမ်းယာ၊ ဆေးလိပ် စသည့်တို့ကို သုံးစွဲခြင်းကြောင့်ဖြစ်နိုင်ပြီး အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန်အတွက် လမ်းညွှန်မှာကြားပေးသွားမည်ဖြစ်ကြောင်း ကုတင်(၅၀ဝ)ဆံ့ မြစ်ကြီးနား အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး ဖျားနာကုသဆောင်မှ လက်ထောက်ဆရာဝန် ဒေါက်တာ ဇော်ထက်ကိုကိုထံမှ သိရသည်။


၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဇူလိုင် (၂)ရက် နံနက် ၈ နာရီက ဝိုင်းမော်မြို့နယ်မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာရှိ ဆွတ်ဘွမ်ကုမ္ပဏီ ငှက်ပျောလုပ်ကွက် လုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာ အဆိုပါလုပ်ကွက်ရှိ ဓာတ်မြေသြဇာ သိုလှောင်ထားရှိသော နေရာတွင် သြဘာတံဆိပ် ပေါင်းသတ်ဆေးများ သိုလှောင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့်နေ့က အသုံးပြုခဲ့သော တရုတ်တံဆိပ်ပါ ပိုးသတ်ဆေးများသည် ယခင်နှစ်လက်ကျန် ပေါင်းသတ်ဆေးများဖြစ်ပြီး လက်ကျန်မရှိတော့သည်ကို စစ်ဆေးတွေ့ရှိခဲ့သည်ဆို၏။


ထို့နောက် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့အနေဖြင့် ဆွတ်ဘွမ်ကုမ္ပဏီ ငှက်ပျောလုပ်ကွက် တာဝန်ခံနှင့် ငှက်ပျောလုပ်ငန်းခွင် လုပ်ကိုင်သူ အလုပ်သမား တာဝန်ခံတို့အားတွေ့ဆုံပြီး ပိုးသတ်ဆေး/ ပေါင်းသတ်ဆေးများ ကိုင်တွယ်အသုံးပြုမှုနည်းလမ်းတို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဝင်းနိုင်(ကချင်မြေ)၊ ဟင်္သာ (တောင်တွင်းကြီး)