ကျိုက်ထို ဇန်နဝါရီ ၁၇

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်း(ရွှာသစ်) ကျေးရွာတွင် ဝါးလက်မှုပညာဖြစ်သော ဝါးခုတင်၊ ဝါးကုလားထိုင်များကို ပြုလုပ်ရောင်းချနေသူများသည် ကုန်ကြမ်းဖြစ်သော ဝါးနှင့်လိုအပ်သောပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာသော်လည်း ကုန်းချောဖြစ်သည့် ဝါးခုတင်၊ ကုလားထိုင်များသည် ယခင်နှစ်က ဈေးနှုန်းအတိုင်းသာ ရရှိကြောင်း သိရသည်။

 

“ရွှေမှုန်ဝါး (ဒေသအခေါ်) အစိမ်းတစ်လုံးကို ၂၀၀၀ ကျပ်ခန့် ဝယ်ယူရပါတယ်၊ ဝါးလေးလုံးနဲ့ ဝါးခုတင် (၆ပေ × ၄ပေ) နှစ်လုံးရဖို့အတွက် နှစ်ရက်လုပ်ရပါတယ်၊ အခင်းကတော့ ထန်းကြောဖျာပြီး အခင်းလုပ်ပါတယ်၊ တစ်ယောက်ထိုင်၊ နှစ်ယောက်ထိုင် ဝါးကုလားထိုင်များကို မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် သီတင်းကျွတ်လကစပြီး တန်ခူးလအကုန်ထိ လုပ်ရင်းကိုင်ရင်း ရောင်းရပါတယ်” ဟု မိသားစုအလိုက် ဝါးလက်မှုပညာ လုပ်ကိုင်နေသူ “ဖိုးသား” ဝါးကုလားထိုင်ဆိုင်မှ ဦးကြည်ထွေးက ပြောသည်။

 

ဝါးခုတင် တစ်လုံး ၁၆၀၀၀ ကျပ်၊ တစ်ယောက်ထိုင် ကုလားထိုင် ၃၀၀၀ ကျပ်၊ နှစ်ယောက်ထိုင် ကုလားထိုင် ၆၅၀၀ ကျပ်ဖြစ် ရောင်းချရကြောင်း၊ ခရီးသွားကားများ၊ ဘုရားဖူးယာဉ်များကို အများဆုံး ရောင်းချနေရပြီး ဒေသတွင်းရှိ ဈေးဆိုင်များကိုလဲ လက်လီလက်ကား ရောင်းဝယ်နေရကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ဝါးလက်မှု အရောင်းဆိုင်များကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ဘီးလင်းမြို့နယ်များတွင် တွေ့ရှိရပြီး စားပွဲခုံ၊ ပလိုင်း၊ ဝါးနှီးခမောက်၊ ဆန်ကော၊ ဆန်ကာ စသော ဝါးနှင့်ပြုလုပ်၍ရသော လူ့အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်ရောင်းချနေကြသည်ကို တွေ့မြင်ရပြီး ဘီးလင်းမြို့နယ်အတွင်း အသုံးပြုသော ဝါးမှာ မျက်ဆံကျယ်ဝါးဟု သိရသည်။

 

ခွန်(ဝင်းပ)