ဝါးခယ်မ ၂၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ မိုးစပါးစိုက်ပျိုးပြီးသော စပါးစိုက်ခင်းများအတွင်း ငါးမျိုး စိုက်ထည့်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးဘမြင့်၏ စပါးစိုက်ခင်း၌ ပြုလုပ်ခဲ့သည်။
ကျေးလက်နေ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစေရေး၊ ငါးသယံဇာတ ပေါကြွယ်ဝစေရေးကို ရည်ရွယ်ပြီး စပါးခင်းများအတွင်း ငါးမျိုးစိုက်ထည့်ပေးခြင်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ချစ်ခိုင်၏ ပြောပြချက်အရ သိရသည်။
ယင်းသို့ စပါးခင်းများအတွင်း ငါးမျိုး စိုက်ထည့်ရာတွင် ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလွင်နှင့် ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာမှ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းပြီး အူကျွန်းကျေးရွာရှိ စပါးစိုက်ခင်းဧက ၂၅၀ အတွက် ငါးခုံးမကြီးနှင့် ငါးမြစ်ချင်း သားပေါက် အကောင်ရေ ၁၂၅၀ဝ၀ အား စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)


