ဝက်လက် ၂၁ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ရွာတော်ကုန်းကျေးရွာ ကွင်းအမှတ် (၃၂၆၆၊ ၃၂၆၇၊ ၃၂၆၈) တို့ရှိ အဆင့်မြင့် လယ်ယာမြေ ဧက (၃၁၅ ဒသမ ၀၉) ရှိသည့် အနက်၊ (၁၅၃) ဧကကို (CERP) အစီစဉ်အရ ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းက တောင်သူ ဒေါ်ခင်မျိုးညွန့်၏ လယ်ကိုစိုက်ပျိုးနေကြောင်း သိရသည်။
Covid-19 Economic Relief Plan (CERP) အရ တောင်သူများ မိုးစပါး စိုက်ပျိုးနိုင်ရေးအတွက် မျိုးစပါးများ ထောက်ပံ့ပေးခြင်း၊ ထွန်ယက်ခြင်းလုပ်ငန်းနှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းတို့ကို ဝက်လက်မြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။
Covid-19 ကာလအတွင်း ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် စပါးစတင် စိုက်ပျိုးချိန်မှစ၍ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်စေကာ တစ်ရက်လျှင် ကျား (၈) ယောက်၊ မ (၅၆) ယောက် ခန့်ကို အလုပ်ကိုင် အခွင့်အလမ်း ဖန်တီးပေးနေကြောင်း ဝက်လက်မြို့ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေဇော်စိုး၏ ပြောကြားချက်အရ သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)