ဝက်လက် ၆ သြဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများကို စားသောက်ရန်သင့်/မသင့် ဓါတုဆေးဝါး/ဆိုးဆေးများ ပါဝင်ခြင်းရှိ/မရှိ Mobile ဓါတ်ခွဲစစ်ရေးယာဥ်ဖြင့် စစ်ဆေးခြင်းကို သြဂုတ် ၆ ရက် နံနက် ၈ နာရီခွဲက စတင်ကာ မြို့မစျေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင် ဦးဆောင်မှုဖြင့် ဝန်ထမ်းများ၊ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ငွေနှင့် ဝန်ထမ်းများ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးမျိုးအောင်၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ အလုပ်အမှုဆောင်အရာရှိ ဒေါ်စန္ဒာထွန်းနှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်း ဒုရဲအုပ်မြင့်ဝေ၊ အမှတ်(၂)ရပ်ကွက် စားသုံးသူရေးရာအဖွဲ့ငယ်မှ အဖွဲ့ဝင်များက မြို့မစျေးအတွင်း ရောင်းချလျက်ရှိသော စားသောက်ကုန်နမူနာ ၅၄ မျိုးဖြစ်သော လက်ဖက်၊ ဂျင်းချဉ်၊ မုန့်ဟင်းခါးဖက်၊ မျှစ်ချဉ်၊ နှမ်းဖက်ချဉ်၊ ပဲတီချဉ်၊ မျှစ်၊ ငပိ၊ အမဲခြောက်၊ ဝက်အူချောင်း၊ ကြက်အူချောင်းတို့ကို ခွင့်ပြုတာရှည်ခံဆေး ပါဝင်ခြင်းရှိ/မရှိ Mobile ဓါတ်ခွဲခန်းပါ မော်တော်ယာဉ်ပေါ်တွင် ချက်ချင်းဓါတ်ခွဲ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် စားသောက်ကုန် ၅၄ မျိုးတွင် စားသုံးရန်သင့်လျော်သည့် အဖြေများရရှိခဲ့ကြောင်းနှင့် သံသယရှိ စားသောက်ကုန်နမူနာ ၇ မျိုးကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဓါတ်ခွဲခန်းတွင်စစ်ဆေးပြီး စားသုံးရန်မသင့်တွေ့ရှိရပါက နိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းကြော်ငြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က သိရသည်။
ဆက်လက်ပြီး မြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချနေသော ဆေးဆိုင် ၁၀ ဆိုင်တွင် တားမြစ်ဆေးဝါးရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝက်လက်မြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အမျိုးသားဆေးဝါးဥပဒေနှင့် ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ် ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီမှူး ဒေါက်တာသန့်ဇင်လတ်နှင့် တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာထွန်းလင်းအောင် တို့က ဆွေးနွေးခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ဆေးဆိုင်ရောင်းချသူများကလည်း သိရှိလိုသည်များ မေးမြန်ချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဥမ္မာဝင်း(ဝက်လက်)