ဝက်လက်  ၂၆   သြဂုတ် 


စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ယင်းမတောကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်ခဲ့သဖြင့်  နေအိမ် (၁၃) လုံးပြိုလဲကာ နေအိမ်အလုံး ၅၀ အမိုးလန်မှုဖြစ်ပွာခဲ့ကြောင်း  ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်ထံမှ သိရသည်။


ဝက်လက်မြို့နယ် မီးသတ်စခန်း၏ အနောက်ဘက်  ၉  မိုင်ခန့်အကွာ  ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာအုပ်စု  ယင်းမတောကျေးရွာတွင် သြဂုတ် ၂၅ ရက်  ည ၉ နာရီခွဲ အချိန်မှ  ည ၁၀ နာရီခွဲထိ လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် နေအိမ် (၁၃) လုံးပြိုလဲကာ ၊ အလုံး ၅၀ အမိုးလန် သစ်ပင်ပိခြင်းနှင့် သစ်ပင်များပြိုလဲမှုကြောင့် လမ်းပိတ်ဆို့နေမှုများအား  သြဂုတ် ၂၆ ရက် နံနက်  ၇ နာရီခွဲတွင် ဝက်လက်မြို့နယ်မီးသတ်စခန်းမှ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း  သိရသည်။


လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လေဘေးဒုက္ခခံရသူများအား  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ  ယင်းမတောကျေးရွာမဟာဂန္ဓာရုံကျောင်းတိုက်တွင်  ငွေကျပ် (၃၂၆၃၈၀ဝ)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


 မိုးသောက် (ရွှေဘို)