မိတ္ထီလာ ၇ စက်တင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာအုပ်စု လေးမျက်နှာကျေးရွာရှိ ဒေသခံ ကျေးလက်နေ ပြည်သူအများစုမှာ စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် လွယ်အိတ် ရက်လုပ်သည့်လုပ်ငန်းမှ ရက်လုပ်သောလွယ်အိတ်များမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၍ ကျောင်းများ ပိတ်ထားသဖြင့် လွယ်အိတ်များ ဝယ်ယူအသုံးပြုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာကျေးရွာတွင် အိမ်ခြေတစ်ထောင်နီးပါးရှိပြီး ကျေးရွာအတွင်းရှိ ဒေသခံအများစုမှာ စီးပွားရေးလုပ်ငန်းအဖြစ် လွယ်အိတ်ရက်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိသည်။ မူကြို ကလေးမှစ၍ တက္ကသိုလ် ကျောင်းသားကျောင်းသူများအထိ အသုံးပြုနိုင်ရန်အတွက် ဒီဇိုင်မျိုးစုံ၊ အရောင်မျိုးစုံ ရက်လုပ်၍ မန္တလေးမြို့နှင့် မိတ္ထီလာမြို့သို့ လွယ်အိတ်တစ်လုံး ငွေကျပ် (၈၀ဝ )မှ (၃၀ဝ၀)အထိ ဈေးနှုန်းများဖြင့် နှစ်စဉ် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ထိုသို့ လွယ်အိတ်များကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ နှစ်စဉ် ကျောင်းဖွင့်ရာသီတွင် လွယ်အိတ်များ အရောင်းသွက်လျက်ရှိရာမှ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား၍ ကျောင်းများပိတ်ထားသဖြင့် လွယ်အိတ်များ ဝယ်ယူအသုံးပြုသူ နည်းပါးသည့်အတွက် ရက်လုပ်ပြီး လွယ်အိတ်များ အရောင်းအဝယ်မရှိကြောင်း၊ နေ့စဉ် အလုပ်သမား(၃၀)ဦးဖြင့် ရက်ကန်းရက်လုပ်ရာမှ ၎င်းအလုပ်သမားများဖြင့် ရက်လုပ်သည့် လုပ်ငန်းများ ရပ်နားထားပြီး မိသားစုဝင်များဖြင့်သာ လုပ်ကိုင်ကြလျက်ရှိကြောင်း လွယ်အိတ်ရက်လုပ် လျက်ရှိသည့် လုပ်ငန်းရှင် ဒေါ်ခိုင်ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


