မိတ္ထီလာ  ၂  စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ ၃၃ ရွာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း မိတ္ထီလာခရိုင်လျှပ်စစ် မန်နေဂျာရုံးမှ သိရသည်။


ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၌ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး ဝမ်းတွင်းမြို့နယ် ရွှေတောင်ကျေးရွာအနီးတွင်  ကျေးရွာ (၃၃) ရွာကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်စေရန် JICA အစီအစဉ်ဖြင့်  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုးရေးရှင်းမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Unique Comm Group Co.,Ltd မှ တာဝန်ယူ၍ ဇန်နဝါရီလ ၂၄ ရက်နေ့မှ စတင်၍ ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင် ဓာတ်အားခွဲရုံကို တည်ဆောက်လျက်ရှိရာ အဆိုပါတည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့်ပြီးစီး နေပြီဖြစ်သည်။ ၎င်း ၃၃/၁၁ ကေဗွီ (၅)အမ်ဗွီအေ ရွှေတောင်ဓာတ်အားခွဲရုံ တည်ဆောက်ပြီးစီးတော့မည် ဖြစ်၍ လျှပ်စစ်မီးလင်းပြီးကျေးရွာ ၁၂ ရွာကို လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိမည့်အပြင် လှျပ်စစ်မီး မရရှိသေးသည့် ကျေးရွာ(၃၃) ရွာကိုလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေး မီးလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော်(အင်ဂျင်နီယာ) က ပြောကြားခဲ့သည်။  

 
သိန်းမြင့်ကျော်(မိတ္ထီလာ)