မိတ္ထီလာ ၂၀ သြဂုတ်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဒေသဝမ်းစာဖူလုံရေးနှင့် စိမ်းလန်း စိုပြည်ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါးများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)မှ ဝမ်းတွင်းမြို့နယ်တွင် ဒေသ ဝမ်းစာဖူလုံရေးနှင့် စိမ်းလန်းစိုပြည်ရေးတို့အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ လွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်းဖြင့် နှစ်စဉ် မိုးသီးနှံနှင့် နွေသီးနှံများ စိုက်ပျိုးလျက်ရှိရာမှ ယခုနှစ်တွင် မိတ္ထီလာလွင်ပြင်လျှပ်စစ်ရေတင်စီမံကိန်း အမှတ်(၂) ရေတင်စခန်း(ကုန်းရွာ)နှင့် အမှတ်(၃) ရေတင်စခန်း (ခင်ကြီး)တို့ဖြင့် ဇူလိုင်လ ၁ ရက်မှ စတင်၍ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကုန်းရွာ၊ ညောင်အုပ်ဖီး ၊ ညောင်ပင်သာ-ဆည်ရွာ၊ ခင်ကြီး၊ မြေတိုင်ကန် ကျေးရွာအုပ်စုများရှိ ကျေးရွာ (၁၀)ရွာမှ ဒေသခံတောင်သူများ မိုးစပါးနှင့်အခြားသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။
အဆိုပါ မိတ္ထီလာလွင်ပြင် လျှပ်စစ်ရေတင် စီမံကိန်းဖြင့် မိုးစပါးများ စတင်စိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါး စိုက်ဧက ၁၀၃၆ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည်။
ယခုနှစ်တွင် မိုးစပါး စိုက်ဧက(၂၂၉၇)နှင့် အခြားသီးနှံ စိုက်ဧက ၄၀၃ တို့အား စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိရာ ၎င်းလျာထားချက်များအား ပြည့်မီရေး စီမံဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်အေးထံမှ သိရ သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


