နေပြည်တော် ဖေဖော်ဝါရီ ၂
ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်စပ်လျဉ်း၍ ဆက်စပ်ဌာနများမှ အရာထမ်းများအတွက် ဘာသာရပ် ဆိုင်ရာ အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မိမိတို့နိုင်ငံအနေဖြင့် ဝန်ဆောင်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မည့် အလားအလာများလည်းရှိကြောင်း၊ သက်ဆိုင်ရာဝန် ဆောင်မှုကဏ္ဍ အလိုက် ရင်းနှီးမြှုပ်နှံမှုအများအပြား ဖိတ်ခေါ်နိုင်ရေး၊ မိမိတို့ဝန်ကြီးဌာနများက ချမှတ်ထားသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ခေတ်စနစ်နှင့်အညီ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းနိုင်ငံများ၏ အောင်မြင်မှုဥပမာများကိုလေ့လာ၍ မိမိနိုင်ငံနှင့် ဝန်ကြီးဌာနအတွက် အကြံပြုချက်များ ပံ့ပိုးပေးနိုင်ရေးနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူဖြစ်စေရေးအတွက် လက်တွေ့အသုံးချကြသွားရန် တိုက်တွန်းပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)


