ပွင့်ဖြူ ၂ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာတွင်းလမ်း အရှည် ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နေမှု၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ရှောက်တောကျေးရွာတွင်းလမ်း အရှည်ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက် နေမှု၊ ဆည်တော်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်းအရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်နေမှု၊ မုန်းဇလဲကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၄၅၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း ခင်းကျင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ယူဆောင်ရွက်နေသည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများက ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စံချိန်စံညွှန်း ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ သွားလာအသုံးပြုနိုင်ရေးအတွက် လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုလုပ်ငန်းများမှာ ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ တွင် ၂၀ ရာခိုင်နှုန်း၊ ရှောက်တောကျေးရွာတွင် ၂၅ ရာခိုင်နှုန်း ၊ မုန်းဇလဲကျေးရွာတွင် ၆၅ ရာခိုင်နှုန်း၊ ဆည်တော်ကျေးရွာတွင် ၂၀ ရာခိုင်နှုန်း အသီးသီးဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ စက်တန်းရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် လမ်းအရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းဆောင်ရွက်နေမှုလုပ်ငန်း ၂၀ ရာခိုင်နှုန်း၊ ပြည်လုံးကျော်ကျေးရွာတွင် ခွင့်ပြုရန်ပုံငွေကျပ် (၁၀)သန်းဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၄၅၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်းခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၆)ရွာရှိ အိမ်ခြေ ၂၉၇၈ အိမ်မှ လူဦးရေပေါင်း ၁၃၃၇၄ ဦးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်မည့်အပြင် ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာအကျိုးပြုပေးနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ပြန်/ဆက် )


