မိုးမိတ်  ၁၀  စက်တင်ဘာ

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၂ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ရှိ တွင်းငယ်-ညောင်ပင်စောက်(မိုးမိတ်) လမ်းပေါ်ရှိ ဥမ္မာချောင်းတံတား ချဉ်းကပ်လမ်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ဥမ္မာချောင်းသည် တွင်းငယ်-မိုးမိတ်လမ်း (48 km-49 km)အတွင်း တည်ရှိပြီး မိုးမိတ်ဘက်ကမ်းနှင့် တွင်းငယ် ဘက်ကမ်းနှစ်ခုကြား (၁၂၈၇.၄၈) ပေ အရှည်ရှိပြီး ချောင်းပေါ်တွင် (၅၆)ပေအရှည် သစ်သားတံတားနှင့် (၂၉)ပေအရှည် သစ်သားတံတား စုစုပေါင်း သစ်သားတံတား (၂)စင်းရှိပြီး လမ်း၏ ဝဲ/ယာ တစ်ဘက်တစ်ချက်တွင် အင်းရေပြင်ကဲ့သို့ တစ်နှစ်ပတ်လုံးရေများရှိနေ၍ မိုးရာသီမိုးရွာသွန်းမှုများသည့်အချိန်တွင် အင်းရေပြင်ထဲသို့ တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် သစ်သားတံတားများပေါ်နှင့် ကားလမ်းပေါ်တို့တွင် ရေ ၂ ပေခွဲမှ ၃ ပေအထိမြှင့်တက်ကာ ရေကျသည့်အချိန်ထိ ယာဉ်အသွားအလာ စောင့်ဆိုင်းရကြောင်း သိရသည်။

 

အဆိုပါ တံတားကို တံတားအထူးအဖွဲ့(၄)မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် (၅၆)ပေ သစ်သားတံတားနေရာတွင် အရှည် (၆၀)ပေ R.C.C ကွန်ကရစ်တံတားအဖြစ် လည်းကောင်း၊ (၂၉)ပေအရှည် သစ်သားတံတားနေရာတွင် (၂)ခန်းတွဲ 10´×50´R.C.C BOX Culvert များအဖြစ် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ချဉ်းကပ်လမ်းတာပေါင် တည်ဆောက်ခြင်းနှင့် ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၉)မှ ဆောက်ရွက်ပေးပြီး အင်းရေပြင်ကဲ့သို့ ရှိနေသောနေရာတွင် တာပေါင်တည်ဆောက်နိုင်ရန် အတွက် တံတားဦးစီးဌာနသို့တင်ပြခဲ့ရာ တာပေါင်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်(၁၃၇.၈၄၆)သန်း ခွင့်ပြုခဲ့သဖြင့် အဆိုပါလုပ်ငန်းများအား ထပ်မံဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

 

(ခရိုင် ပြန်ဆက်)