ရန်ကုန် ၉  မေ 

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာလေဆိပ်ကနေ ပျံသန်းထွက်ခွာလာသော Biman Bangladesh လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းသည်  မေလ  ၈ ရက်ညနေ ၆ နာရီ ၅၂ မိနစ်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ (မင်္ဂလာဒုံ) လေဆိပ်သို့ဆင်းသက်စဉ်မတော်တမှုဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သွားရောက်ကြည့်ရှုခဲ့သည်။

 

အဆိုပါမတော်တဆဖြစ်သည့် လေယာဉ်တွင် ခရီးသည်ကလေးငယ်တဦးအပါအဝင် ခရီးသည်စုစုပေါင်း ၃၀ ဦး ၊ လေယာဉ်မှူး၂ ဦး၊ လေယာဉ်အမှုထမ်း ၃ ဦး စုစုပေါင်း ၃၅ ဦးလိုက်ပါလာခဲ့ပြီး ခရီးသည် ၁၈ ဦး နှင့် လေယာဉ်မှူး ၂ ဦး တို့ ထိခိုက်ဒဏ်ရာရရှိခဲ့၍ ဆေးကုသမှုခံယူရန် မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြားခရီးသည် ၆ ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ ဆေးခန်းတွင်ပင် ပြုစုကုသပေးခဲ့ပြီး ၉ ဦးမှာ ထိခိုက်ဒဏ်ရာမရှိ၍ လေဆိပ် Immigration ကောင်တာ၏ ခွင့်ပြုချက်ဖြင့်မိမိတို့ နေရပ်သို့ပြန်သွားပြီဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခေတ္တဆေးဝါးကုသမှုခံယူနေသည့် ခရီးသည်များကို သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိသော လေယာဉ်မှူး ၂ ဦးနှင့် ခရီးသည် ၁၈ ဦးအားသွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သောဆေးဝါးကုသမှု ဆက်လက်ခံယူရန် ဆရာဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီး ည ၁၀ နာရီတွင်  လူမှုရေးအဖွဲ့အစည်းများမှ လူနာတင်ယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ည ၁၂ နာရီတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ  ဆေးဝါးကုသမှူခဲ့ယူလျက်ရှိသောဒဏ်ရာရခရီးသည်များနှင့် လေယာဉ်မှူးများအား ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊လွှတ်တော်ဒုတိယဥက္ကဋ္ဌ တို့က မြောက်ဥက္ကလာပ ဆေးရုံမှရန်ကုန် ဆေးရုံကြီးသို့ လိုက်လံကြည့်ရှုအားပေးခဲ့သည်။

 

ဝန်ကြီးချုပ်က ခရီးသည်များနှင့် လေယာဉ်မှူးများ ယခုထက်ပိုမိုကောင်းမွန်သော ဆေးဝါးကုသမှုရရှိစေရန် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတာမွေမြို့နယ်ရှိ အာယု အထူးကုဆေးရုံကြီးသို့ ရွှေ့ပြောင်းဆေးဝါးကုသရန် လမ်းညွှန်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့က မေလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ရန်ကုန်ဆေးရုံကြီးမှ ဒဏ်ရာရလူနာ ၂၀ ဦးအနက် ၁၃ ဦး အား တာမွေမြို့နယ်ရှိ အာယုအထူးကုဆေးရုံကြီးသို့ လူမှုရေးအဖွဲ့အစည်းများမှ လူနာတင်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး ဆေးဝါးကုသမှုခံယူနေသူများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။ ကျန်ရှိသောလူနာ ၇ ဦးတွင် ၅ ဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုဆက်လက်ခံယူနေပြီး ၂ ဦးမှာအခြေအနေ ကောင်းမွန်၍ဆေးရုံမှ ဆင်းသွားကြောင်းသိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Biman လေကြောင်းလိုင်းမှ  လေယာဉ်အမှတ် BG 060 ၊ လေယာဉ်အမျိုးအစား DHC-8 Dash 8 သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဆင်းသက်စဉ်   လေဆိပ် Cargo Terminal အနီးတွင် မတော်တဆမှုတခု ဖြစ်ပွားကာ လေယာဉ် သုံးပိုင်းကျိုးသွားခဲ့ခြင်းဖြစ်သည်။

 

ထိုသို့သွားရောက်ကြည့်ရှုအားပေးရာတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်အတူ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်တို့ လိုက်ပါခဲ့ကြသည်။

 

ဆန်းကျော်ဦး ( ပြန် / ဆက်)

 

DSC_3