ရန်ကုန် ၂၄ သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် သြဂုတ် ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို ဆက်သွယ်မည့် မြန်မာ-ကိုရီးယား ချစ်ကြည်ရေး ဒလတံတား တည်ဆောက်ရေး စီမံကိန်း ရန်ကုန်မြို့ဘက်ခြမ်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရန်ကုန်မြို့ဘက်ခြမ်းရှိ စီမံကိန်းရှင်းလင်းဆောင်၌ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချို၊ Contractor ကုမ္ပဏီဖြစ်သော GS Engineering & Construction Corporation မှ Project Director Mr. Yun Ho CHO တို့က တံတားဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြီးစီးမှုအခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ဝန်ကြီးချုပ်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး Contractor ကုမ္ပဏီနှင့် Sub - Contractor ကုမ္ပဏီများမှ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး စသည့်အချက်များကို အဓိကထားဆောင်ရွက်သွားကြရန် မှာကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်သည် ပင်မတံတားတည်ဆောက်ရေး ရန်ကုန်မြို့ဘက်ခြမ်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်းသွားဖြစ်ပြီး ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကိုယ်ထည် အပေါ်တွင် သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်သည်။
ဒလတံတား တည်ဆောက်ရေးစီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံဘက်မှ ချေးငွေအမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃ သန်း၊ မြန်မာဘက်မှထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄ သန်း စုစုပေါင်း ၁၈၈ ဒသမ ၁၇ သန်းဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သည်။ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၁၆ ဒသမ ၁၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)


